ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကပ်အသွင် အစုအပြုံလိုက် ဖြစ်ပွားမှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြော

0
97

ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကပ်အသွင်ဖြစ်ပွားမှုရှိနေကြောင်း မီဒီယာအချို့၏ ရေးသားဖြန့်ဝေမှုမှာ မဟုတ်မှန်ဘဲ ယင်းရောဂါ ကပ်အသွင်ဖြစ်ပွားမှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဒေသခံအချို့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများ ရှိနေသော်လည်း ကပ်ရောဂါအသွင် အစုလိုက်အပြုံလိုက်ဖြစ်ပွားရေခြင်းမျိုးမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားခြင်းဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု အခြေအနေအနေဖြင့် မုန်တိုင်းကျရောက်ပြီး ရက်အနည်းငယ်အကြာ မေလ (၁၉) ရက်တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောလူနာ (၂)ဦး၊ မြို့နယ်ပြင်ပ ကျေးလက်ကျန်းမာရေးဌာနများ၌ (၇)ဦး၊ ပေါက်တောပြည်သူ့ဆေးရုံတွင် (၁)ဦး၊ မင်းပြားပြည်သူ့ဆေးရုံတွင် (၁)ဦးနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ (၂၄) ဦး၊ မာန်အောင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများ၌ (၆)ဦး၊ စုစုပေါင်း (၄၁) ဦး ဖြစ်ပွားခဲ့ပြီး ယင်းနေ့ရက်မှစတင်ကာ မင်းပြားမြို့နယ်ကို အထူးအာရုံစိုက်၍ စောင့်ကြည့်ကုသပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၃) ရက်တွင် မြို့နယ်အသီးသီး၌ ဝမ်းပျက်ဝမ်းလျှောရောဂါ တွေ့ရှိရသူ (၁၀) ဦး ထပ်မံတွေ့ရှိခဲ့ပြီး စစ်တွေတွင် (၆)ဦး၊ ရသေ့တောင်တွင် (၂)ဦး၊ ပေါက်တောတွင် (၁)ဦး၊ ဘူးသီးတောင်တွင် (၁)ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် အဆိုပါ လူနာ (၁၀) ဦးအနက် အတွင်းလူနာ (၅) ဦး၊ ပြင်ပလူနာ (၅) ဦးအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ဒေသများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် ကပ်ရောဂါအမျိုးမျိုး ဖြစ်ပွားမှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက စောင့်ကြပ်ကြည့်ရှုကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေတွင်း၊ရေကန်ပေါင်း ၂၉၄၆ ခုတို့အား ရေသန့်စင် ဆေးခပ်ခြင်း၊ ရေသန့်စင် ဆေးပြား ၂၃၆၉၇၅ ပြား ဖြန့်ဝေခြင်းနှင့် ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here