ထိုင်းတွင် ကားတိမ်းမှောက်မီးလောင်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နစ်နာကြေးအကျိုးခံစားခွင့်ရရန် လုပ်ဆောင်နေ

0
78

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးဖြစ်ပွားခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်မီးလောင်မှု‌ကြောင့် သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရခဲ့သူများအတွက် နစ်နာကြေးအကျိုးခံစားခွင့်ရရန် လုပ်ဆောင်နေကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက် မီးလောင်မှုမှာ ပြီးခဲ့သည့် ဇွန်လ (၁) ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အဝင် အေးရှားလမ်းမကြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဲဆောက်မြို့မှတဆင့် မြန်မာရွှေ့ပြောင်းလုပ်သား (၉)ဦးကို တင်ဆောင်မောင်းနှင်လာစဥ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ မီးလောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ကားအတွင်းလိုက်ပါလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၃) ဦးနှင့် ထိုင်းလူမျိုး ယာဉ်မောင်း (၁) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးမြန်မာရွေ့ပြောင်းလုပ်သားအမျိုးသမီး (၃) ဦးကို DNA စစ်ဆေးနေပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူတို့အတွက် အကျိုးခံစားခွင့်ရအောင်လုပ်ဆောင်နေသလို အမှုဖြစ်စဉ်စစ်ဆေးပြီးပါက နေရပ်သို့ပြန်လည်ပို့ရန် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန်လ (၄) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တာဝန်ခံ အလုပ်သမားသံအရာရှိမှ အယုဒ္ဓယနယ်မြေရဲစခန်းသို့သွားရောက်ကာ တာဝန်ရှိသူများ၊ ကားမှောက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား မေးမြန်းချက်အရ ၎င်းတို့သည် မြန်မာပြည်မှ ပွဲစားများအား ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေး၍ ကားများဖြင့် အဆင့်ဆင့်စီးနင်းကာ ထိုင်းနိုင်ငံရှိ ဆွေးမျိုးသားချင်းများရှိရာသို့ လာရောက်အလုပ်လုပ်ကိုင် ကြခြင်းဖြစ်ကြောင်း သိရှိရသည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ဖော်ပြထားသည့် ထုတ်ပြန်ချက်အရ သိရသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရရှိခြင်းနှင့်အခြားသော လူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် တရားမဝင်သွားရောက်ခြင်းများ လုံးဝမပြုလုပ်ရန် အသိပေး ထုတ်ပြန်ထားသည်။

Photo-mgronline


LEAVE A REPLY

Please enter your comment!
Please enter your name here