ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆုရရှိ

0
122

ရန်ကုန်မြို့အခြေစိုက် ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးသည် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ထူးချွန်ဆုအား မေလကုန်ပိုင်းက မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၀၂၃) ခုနှစ် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန် ကြီးများ အဆင့်အစည်းအဝေးတွင် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခမ်းအနားတက်ဖို့ ဖိတ်ပေမယ့် အဲဒီအချိန်က မိုခါ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ စစ်တွေမြို့ကို သွားပြီးကူညီပေးနေတဲ့အချိန်ဖြစ်တဲ့အတွက် မတက်ဖြစ်လိုက်ပါဘူး။ ဆုတံဆိပ်ပို့ပေးလိုက်မယ်လို့ အကြောင်းကြားပါတယ်”ဟု ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောသည်။

အဆိုပါ ထူးချွန်ဆုသည် အာဆီယံနိုင်ငံများမှ အသိအမှတ်ပြုချီးမြှင့်သည့် ဆုတံဆိပ်ဖြစ်ပြီး ရှင်သန်ရေးကူညီမှုအသင်း၏ လုပ်ဆောင်ချက်များအား အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်၍ ဂုဏ်ယူဝမ်းမြောက်သည်ဟုလည်း ပြောသည်။

“ပရဟိတဆိုတာကလည်း တစ်ယောက်တည်းလုပ်တာမဟုတ်ဘဲ အများဝိုင်းလုပ်ရတာဖြစ်တဲ့အတွက် ဒီထူးချွန်ဆုဟာ ပရဟိတ ညီအကိုမောင်နှမတွေ အားလုံးရတာနဲ့အတူတူပါပဲ”ဟု ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here