အယ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် လာမည့် ဆောင်းရာသီကာလအတွင်း အအေးပေါ့နိုင်ပြီး အပူချိန်တိုးနိုင်

0
213

အယ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် လာမည့် ဆောင်းရာသီကာလအတွင်း အအေးပေါ့နိုင်ပြီး အပူချိန်တိုးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

“ အယ်နီညိုရှိနေတော့ လာမယ့် ဆောင်းရာသီကတော့ ပူမှာပေါ့။ ဒါပေမယ့် ဒီနှစ် ဆောင်းတွင်းအစတုန်းကဆို လာနီညာပဲလေ အမှန်ဆို အေးနေရမှာ။ ဒါပေမဲ့ အအေးပေါ့တာတွေ ရှိခဲ့တယ်ဆိုတော့ တစ်ခါတစ်လေကျရင် အယ်နီညိုဆိုရင် ပိုပူတယ်၊ လာနီညာဆိုရင် ပိုအေးတယ်ဆိုပြီး အကြမ်းဖျဉ်းသတ်မှတ်ကြပေမယ့် တကယ်တမ်းကျတော့ အယ်နီညိုပဲဖြစ်ဖြစ်၊ လာနီညာပဲဖြစ်ဖြစ် ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ ကမ္ဘာကြီးပူနွေးမှုကို မကျော်လွှားနိုင်တဲ့ အနေအထားလေးတွေလည်း ရှိနေပါတယ်။ ယေဘုယျအားဖြင့် ဒီနှစ်ဆောင်းရာသီကတော့ အအေးပေါ့ပြီး ပူနိုင်ခြေရှိပါတယ်” ဟု ဦးလှထွန်းက ပြောကြားသည်။

ဇွန်လ (၁၂) ရက်က အမေရိကန် NOAA (National Oceanic and Atmospheric Administration)၏ ကြေညာချက်အရ အယ်လ်နီညိုသည် ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း တဖြည်းဖြည်း အားကောင်းလာပြီး အားပြင်းသည့် အယ်လ်နီညို ဖြစ်နိုင်မည့်အခြေအနေ ၅၆ ရာခိုင်နှုန်းအထိတွင် ရှိနေကြောင်းလည်း သိရသည်။

အယ်နီညို ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယေဘုယျအားဖြင့် အယ်နီညိုဖြစ်လာပါက ကမ္ဘာ့နိုင်ငံများတွင် ပူပြင်းခြောက်သွေ့သည့် လေထုအခြေအနေများ ဖြစ်လာခြင်းကြောင့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်တတ်ပြီး မိုးခေါင်ခြင်းကြောင့် စိုက်ပျိုးမြေများတွင် လိုအပ်သည့် စိုထိုင်းဆ ကျဆင်းပြီး သီးနှံဖြစ် ထွန်းအောင်မြင်နိုင်ခြေနည်းပါးလာခြင်း ဖြစ်လာနိုင်ကြောင်းလည်း သိရသည်။

ထို့အပြင် ပူပြင်းပြီး မြေပြင်ခြောက်သွေ့မှု လွန်ကဲခြင်းကြောင့် တောမီးလောင်ခြင်းများလည်း များပြားလာနိုင်ကြောင်း အမေရိကန် NOAA (National Oceanic and Atmospheric Administration)၏ ကြေညာချက်တွင် ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here