မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ် (၆)ခုတွင် မိုးကြီးပြီး မိုးသက်လေပြင်းများကျနိုင်

0
122

လက်ရှိကာလအတွင်း မုတ်သုံလေအားကောင်းနေဦးမည်ဖြစ်သည့်အတွက် ရခိုင်ကမ်းရိုးတန်းဒေသ အပါအဝင်တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် မိုးကြီးပြီး မိုးသက်လေပြင်းများကျနိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

“မုတ်သုံအားကောင်းရင် ကမ်းရိုးတန်းဒေသတွေက မိုးများတယ်။ ရခိုင်ကမ်းရိုးတန်းဒေသ၊ မြစ်၀ကျွန်းပေါ် ၊ ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီ၊ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေက မိုးများပါတယ်။ ဒုတိယ မိုးများတာက မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေပါ။ မုတ်သုံ တကယ်အားကောင်းလို့ရှိရင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေကတော့ မိုးနည်းသွားတဲ့ အနေအထားတွေတော့ရှိတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိကာလတွင် မုတ်သုန်လေသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံဝင်ရောက်ခဲ့ပြီဖြစ်ပြီး လာမည့် ဩဂုတ်လအထိ မုတ်သုန်လေ ဆက်လက်အားကောင်းနေနိုင်ကြောင်းလည်း ဦးလှထွန်း၏ ပြောကြားချက်အရ သိရသည်။

“မုတ်သုံအား တကယ်ကောင်းတဲ့အခါဆိုရင် မိုးသက်လေပြင်းကျတာတွေ တစ်ခါတစ်လေ မုန်တိုင်းရှိသလား ထင်ရအောင် မိုးသက်လေပြင်းကျတာတွေလည်း ဖြစ်တတ်တဲ့အတွက် သတိပြုဖို့ လိုပါတယ်” ဟု ဦးလှထွန်းက ပြောကြားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ (၁၄) ရက်၊ နံနက်(၁၀)နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး နေရာအနှံ့မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ဒုတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ကြောင်းနှင့် စစ်ကိုင်း(အထက်ပိုင်း)၊ တနင်္သာရီ၊ ကချင်၊ ရှမ်း(မြောက်နှင့် အရှေ့)၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး နေပြည်တော်၊ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ စစ်ကိုင်း(အောက်ပိုင်း)၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်း(အထက်ပိုင်း)၊ ပဲခူး(အရှေ့ပိုင်း)၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၁၀)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်း(အောက်ပိုင်း)၊ မန္တလေး၊ မကွေး၊ ပဲခူး(အနောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၃)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here