မေလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် ၃၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သုည ဒဿမ ၅၀၅ သန်းရရှိ

0
114

ယခုနှစ် မေလအတွင်း ပြည်တွင်းမှ ထွက်ရှိသော ပျားရည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၃၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၀ ဒသမ ၅၀၅ သန်းရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းကထွက်တဲ့ ပျားရည်ကို မေလမှာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေဆီ တင်ပို့ခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ပျားရည်မက်ထရစ်တန်ချိန် ၁၄၀ ဒသမ ၇ တန်၊ ဂျပန်နိုင်ငံကို ပျားရည်မက်ထရစ်တန်ချိန် ၁၇၆ တန်နဲ့ တောင်ကိုရီးယားနိုင်ငံကို ပျားရည်မက်ထရစ်တန်ချိန် ၂၀ စုစုပေါင်း ပျားရည်မက်ထရစ်တန်ချိန် ၃၃၆ ဒသမ ၇ တန်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၅ သန်း ရရှိခဲ့ပါတယ်” ဟု ဦးမျိုးတင့်က ပြောကြားသည်။

ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့် ထိုင်း၊ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့သို့ ပုဂ္ဂလိကကဏ္ဍမှ ပုံမှန်တင်ပို့နေပြီး ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုတွင် ပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်နှင့် လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိကာ နှမ်းပျားရည်သည် ဇူလိုင်လတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုရှိ မြို့နယ်ပေါင်း (၃၁) မြို့နယ်မှလည်း နှစ်စဉ် ပျားရည်ထုတ်လုပ်လျက်ရှိပြီးပြည်တွင်းစားသုံးရန် နှစ်စဉ် ပျားရည်တန်ချိန် ၂,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိသည့်အပြင် ပြည်ပသို့ တန်ချိန် ၄,၀၀၀ ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here