“မိုခါ”မုန်တိုင်းကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်ဘီလီယံ ၅၀၀ ကျော်ရှိကြောင်း နစက ဒုဥက္ကဋ္ဌပြော

0
82

ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် ပရဟိတအဖွဲ့ (၂၀) ကို ဂုဏ်ပြုငွေ ကျပ်သိန်း (၄၉၀) ပေးအပ်

မေလလယ်ပိုင်းက ရခိုင်ကမ်းရိုးကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မို‌ခါ”ကြောင့် သေဆုံးသူ (၁၄၈) ဦးရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ကျပ် (၅၂၂) ဘီလီယံရှိကြောင်း နစက ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

‌ဇွန်လ (၁၄) ရက်က စစ်တွေမြို့တွင် ပြုလုပ်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား ဂုဏ်ပြုပွဲ၌ အမှာစကား ပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိုခါမုန်တိုင်းဒဏ်ကြောင့် မုန်တိုင်းအလယ်ဗဟိုပေါ်ကျခဲ့သည့် စစ်တွေ ၊ ရသေ့တောင်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံးနီးပါးတွင် ပျက်စီးဆုံးရှုံးမှုမြင့်မားခဲ့ပြီး မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၅၂၂) ဘီလီယံရှိကြောင်းလည်း နစက ဒုဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပျက်စီးမှု မြင့်မားခဲ့သည့် စစ်တွေ၊ ရသေ့တောင်နှင့် မောင်တောဒေသများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအတွက် စနစ်တကျ ဖွဲ့စည်းထားသည့်အဖွဲ့များဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများထိခိုက်မှုမရှိစေရန် လယ်ထွန်စက်၊ကျွဲ၊နွားနှင့်မျိုးစေ့များ စီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

မုန်တိုင်းကြောင့် ကျောင်းပေါင်း (၁၅၈၃) ကျောင်းအထိ ပျက်စီးဆုံးရှုံးခဲ့ရပြီး အထက်တန်းအဆင့် ကျောင်းများကို ဦးစားပေးအနေဖြင့် ပြန်လည်ပြင်ဆင်ခဲ့သည့်အတွက် အချို့ကျောင်းများ ဇွန်လ (၁) ရက်အမီ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆေးရုံများနှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ဉီးစားပေးအနေဖြင့် လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ဆက်သွယ်ရေးကဏ္ဍမှာ ရာနှုန်းပြည့်နီးပါး ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်းလည်း နစက ဒုဥက္ကဋ္ဌက ထည့်သွင်းပြောကြားသွားသည်။

နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် နစက အဖွဲ့ဝင်ဒေါက်တာအောင်ကျော်မင်းတို့က မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်များ၌ လုပ်အားပေးခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့ပေါင်း (၂၀) ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၄၉၀) သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here