အမေရိကနှင့် တရုတ်တို့၏ ဘက်ရွေးချယ်ခိုင်းမှုသည် အရှေ့တောင်အာရှ၌အဆင်မပြေနိုင်- စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး

0
159

ဝါရှင်တန်၊ ဇွန်လ ၁၆

စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှရှိ နိုင်ငံများကို ဘက်ရွေးရန် တွန်းအားပေးမည့် အမေရိကနှင့် တရုတ်ကြားရှိ စစ်အေးတိုက်ပွဲပုံစံ ချဉ်းကပ်မှုမျိုးထက် အားလုံးနှင့် မိတ်ဆွေဖြစ်နိုင်မည့် ဆက်ဆံရေးမျိုးကိုသာ အလိုရှိကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် က ဇွန်လ ၁၅ ရက် ကြာသပတေးနေ့တွင် ဝါရှင်တန်၌ ပြောကြားခဲ့သည်။

ဘာလာခရစ်ရှ်နန်သည် အမေရိက၌ နောက်အပတ် အင်္ဂါနေ့အထိ အလုပ်သဘောဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး အထက်ပါ ပြောကြားချက်ကိုမူ ဝါရှင်တန်အခြေစိုက် နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာ ဥာဏ်ကြီးရှင်များအဖွဲ့ ကောင်စီက ကြီးမှူးကျင်းပသည့် ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောလာခဲ့သည်။

သူ၏ မှတ်ချက်သည် အမေရိကနှင့် တရုတ်ကြား ပြိုင်ဆိုင်မှုများ ပြင်းထန်လာချိန်၌ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအား ၎င်းနှစ်နိုင်ငံနှင့် ပတ်သက်၍ ဆက်ဆံရေးကို စီမံခန့်ခွဲရာတွင် ပိုမိုခက်ခဲလာစေခဲ့သည်။

ထို့ကြောင့် ဘာလာခရစ်ရှ်နန်က ကမ္ဘာကြီးသည် အမေရိက တစ်နိုင်ငံတည်း ဩဇာလွှမ်းမိုးနေသည့် အခြေအနေမျိုးမှ တရုတ်နှင့် အိန္ဒိယကဲ့သို့သော ထွန်းသစ်စ အင်အားကြီးနိုင်ငံများကပါ ခွဲဝေ၍ ဩဇာလွှမ်းမိုးလာသည့် အခြေအနေမျိုးသို့ ကူးပြောင်းလဲလာပြီဟု ပြောသည်။ သို့ဖြစ်၍ မိမိတို့သည် ထိုသို့သော ဩဇာအာဏာလွှမ်းမိုးရေး ယှဉ်ပြိုင်မှုများကြား ဘက်ရွေးချယ်ကာ ပိတ်မိမနေသင့်ကြောင်း သူက အကြံပေးခဲ့သည်။

“နှစ်ဘက်စလုံးရဲ့ စိုးရိမ်မှုတွေကို နားလည်ပါတယ်။ ထူးဆန်းတဲ့အရာက နှစ်ဖက်လုံးရဲ့ အားနည်းလာမှာကို စိုးရိမ်ပူပန်တဲ့စိတ်တွေက တစ်ခါတစ်လေကျရင် မြေကြီးလက်ခတ်မလွဲနိုင်တဲ့ ဟောကိန်းတွေကို ထုတ်လာတတ်ပါတယ်၊ ဒါပေမယ့် အဲဒီထဲမှာ ဘက်ရွေးချယ်တဲ့ ဟောကိန်းမျိုးက ဘယ်တော့မှ အမှန်ဖြစ်လာမှာ မဟုတ်ဘူး” ဟု ဆိုကာ အရှေ့တောင်အာရှသည် တရုတ်နှင့် အမေရိကကြား ဘက်ရွေးချယ်ခိုင်းခြင်းကို ဆိုးရွားသည့် အရာအဖြစ်သာ ရှုမြင်ကြောင်း သူက ပြောခဲ့သည်။

Source: စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here