CHINA- ASEAN SUGAR EXPO 2023 သို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြား

0
106

တရုတ်နိုင်ငံ ၊ နန်နင်းမြို့ရှိ Nanning International Convention and Exhibition Center ၌ ကျင်းပမည့် CHINA – ASEAN SUGAR EXPO 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ပြပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀) ရက်မှ ဇူလိုင်လ (၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး သကြားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာရှိ သကြားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအကြား စီးပွားရေးချိတ်ဆက်မှုကို မြှင့်တင်ပေးရန်၊ သကြားနှင့် ဆက်စပ်သော ထုတ်ကုန်များနှင့် ကုန်ကြမ်းများ ဝယ်ယူမှုတို့ကို လွယ်ကူချောမွေ့စေရန်တို့ ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲအကျယ်အဝန်းမှာ ၃၀၀၀၀ စတုရန်းမီတာရှိပြီး ပုံမှန် ပြခန်းတစ်ခန်းလျှင် ယွမ်(၇,၀၀၀) နှင့် (၃၆) စတုရန်းမီတာနှင့် အထက်ကို တစ်စတုရန်းမီတာလျှင် ယွမ် (၇၀၀) ကျသင့်မည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများအတွက် (၃) မီတာပတ်လည် ပုံမှန်ပြခန်း (၄)ခန်း (သို့မဟုတ်) (၃၆) စတုရန်းမီတာ အကျယ်အဝန်းကို အခမဲ့ထောက်ပံ့ပေးမည့်အပြင် လိုအပ်ပါက ပုံမှန်ပြခန်းတစ်ခန်းလျှင် ယွမ်(၂,၅၀၀) နှင့် (၃၆) စတုရန်းမီတာ အထက်ကို တစ်စတုရန်းမီတာလျှင် ယွမ် (၂၅၀) ဖြင့် ဈေးနှုန်းလျှော့ပေါ့ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ CHINA- ASEAN SUGAR EXPO 2023 သို့ ပြပွဲသို့ ပြည်တွင်းနှင့် နိုင်ငံတကာမှ ထင်ရှားသည့် သကြားနှင့် ဆက်စပ်လုပ်ငန်းရှင်များ ပါဝင်ပြသမည်ဖြစ်ပြီး ပြပွဲ၌ စားသုံးနိုင်သော သကြား၊ သကြားထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးမှုဆိုင်ရာ ကိရိယာများအား တရုတ်၊ ဘရာဇီး၊ ထိုင်းနှင့် ရုရှားတို့ကဲ့သို့သော သကြားအဓိက ထုတ်လုပ်သည့်နိုင်ငံများမှ ပြသမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် သကြားနှင့် ဆက်စပ်သော အစားအစာများ၊ ကော်ဖီစေ့များ၊ သစ်သီးများ၊ သစ်သီးဖျော်ရည်ကုန်ကြမ်းများ၊ အုန်းရေ၊ ဟင်းရွက်ဆီများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အရှေ့တောင်အာရှမှ ဆန်ကွဲနှင့် ပဲများ ကဲ့သို့သော ကုန်ကြမ်းပစ္စည်းများလည်း ပါဝင်ပြသကြမည်ဖြစ်သည်။

ယင်းပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် နှင့် ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here