မလေးရှား၊ စင်ကာပူနှင့် ထိုင်း ရှိ ရွှေ့ပြောင်း အိမ်အကူများ လစာအရနည်းနေ – အိုင်အယ်လ်အို

0
120

ဘန်ကောက်၊ ဇွန် ၁၆

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) ၏ လေ့လာချက်အရ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အိမ်အကူလုပ်သားများသည် အခြေခံလုပ်ခလစာထက် လျော့နည်းကာ ရရှိနေကြောင်း သိရသည်။

အိုင်အယ်လ်အို သည် အထက်ပါ ၃ နိုင်ငံရှိ အလုပ်ရှင် ၆၀၁ ဦးနှင့် အိမ်အကူလုပ်သား ၁,၂၀၁ ဦးကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖော်ပြလာခြင်းဖြစ်သည်။

အထူးသဖြင့် စင်ကာပူနိုင်ငံရှိ အိမ်အကူလုပ်သားများသည် ယင်းနိုင်ငံ ၃ ခုအတွင်း အလုပ်ချိန်အများဆုံးဖြစ်ပြီး တစ်နေ့လျှင် ပျမ်းမျှ ၁၂ နာရီကျော်နှုန်းနှင့် တစ်ပတ်လျှင် ၈၁ နာရီနှုန်း အလုပ်လုပ်နေရကြောင်း သိရသည်။ ထိုပမာဏသည် အခြားအလုပ်ကဏ္ဍများအတွက် နိုင်ငံတော်က သတ်မှတ်ထားသော စံနှုန်းဖြစ်သည့် တစ်ပတ်လျှင် အများဆုံး ၄၄ နာရီနှုန်းထက် ၂ ဆ နီးပါး ပိုများနေသည်။

ထိုသို့ နာရီပေါင်းများစွာ လုပ်ကိုင်ရသော်လည်း ၎င်းတို့၏ ပျမ်းမျှ လစာမှာမူ တစ်လလျှင် အမေရိကန် ဒေါ်လာ ၄၈၀ သာ ရှိနေသည်။အဆိုပါပမာဏသည် ၎င်းနိုင်ငံများက သတ်မှတ်ထားသော အခြေခံလစာထက် လျော့နည်းနေသည်ကို တွေ့ရသည်။

ထို့ပြင် မလေးရှားနှင့် ထိုင်းနိုင်ငံတို့နှင့် ယှဉ်လျှင် စင်ကာပူရှိ ရွှေ့ပြောင်း အိမ်အကူလုပ်သားများသည် ရွှေ့ပြောင်းနေထိုင်မှု စရိတ်နှင့် အခကြေးငွေတို့အား ၎င်းတို့၏ လုပ်အားခထဲမှ ပေးချေကြရာတွင် ပမာဏ အမြင်ဆုံးဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်မှု စရိတ်သည် ၎င်းတို့၏ သုံးလစာ လုပ်အားခထက် ကျော်နေပြီး ထိုငွေများကို ၎င်းတို့၏ စုဆောင်းငွေများ၊ လစာနှင့် ဆွေမျိုးနှင့် သူငယ်ချင်းများထံမှ ချေးထားသော ငွေများဖြင့် ပေးဆောင်ရကြောင်း သိရသည်။

ယခုကဲ့သို့ လုပ်ငန်းခွင် အခြေအနေများ ဆိုးရွားနေရခြင်း၏ အဓိကအကြောင်းရင်းမှာ အိမ်အကူအလုပ်ကို ယခုအချိန်ထိ အလုပ်အကိုင်အစစ် အဖြစ် မသတ်မှတ်သော အယူအဆကြောင့် ရွှေ့ပြောင်း အိမ်အကူလုပ်သားများသည် အလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အခွင့်အရေးများကို မရဆဲပင် ဖြစ်ကြောင်းအိုင်အယ်လ်အိုက ပြောသည်။

Source:The Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here