မှိုဆိပ်သင့် အန္တရာယ် မဖြစ်ပွားစေရေး သတိပြုကာကွယ်ရမည့်အချက်များ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

0
181

လက်ရှိ မိုးရာသီကာလသည် မှိုအမျိုးမျိုး ထွက်ရှိသည့်ကာလဖြစ်ခြင်းကြောင့် မှိုဆိပ်သင့် အန္တရာယ် မဖြစ်ပွားစေရေး သတိပြုကာကွယ်ရမည့်အချက်များ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာထားသည်။

မှိုများတွင် အန္တရာယ်ကင်းစွာ စားသုံးနိုင်သော မှိုအမျိုးအစားများရှိသကဲ့သို့ အဆိပ်ရှိသော မှိုများစွာလည်းရှိကြောင်း၊ ယင်းအနက် အချို့မှာ ပြင်းထန်စွာအဆိပ်သင့်စေနိုင်ပြီး အသက်ဆုံးနိုင်သည်အထိ ဖြစ်နိုင်ကြောင်း နှင့် မိမိမသိသော၊ မစားဖူးသော မှိုများကို မစားသုံးခြင်းသည် အကောင်းဆုံးသော ကာကွယ်နည်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာက သတိပေးထုတ်ပြန်ထားသည်။

မှိုဆိပ်သင့်ခြင်းလက္ခဏာများမှာ မှိုစားပြီး မိနစ် (၂၀)မှ (၄)နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်သည့်အပြင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ပါ ဖြစ်စေနိုင်ကြောင်း သိရသည်။

အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သော အဆိပ်ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်းအားတို့အပေါ် မူတည်ကြောင်း၊ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများတွင် မှိုအဆိပ်သင့်ပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်ကြောင်းနှင့် မှိုဆိပ်သင့်လက္ခဏာများ ပေါ်လာပါက နီးစပ်ရာဆေးရုံ/ ကျန်းမာရေးဌာနသို့ ချက်ချင်းသွား၍ ကုသမှုခံယူရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မှိုအစာအဆိပ်သင့်၍ ကျောင်းသား ၃ ဦးအပါအဝင် ၁၃ ဦး ပုဏ္ဏားကျွန်းဆေးရုံသို့ တက်ရောက် ကုသမှုခံခဲ့ရပီးနှင့် ဆေးကုသမှုခံယူခဲ့ရသူများမှာ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်မှ ၅ ဦး၊ စံပြရပ်ကွက်မှ ၄ ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ ၄ ဦးတို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here