တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီး (၂) ဦးထံမှ ငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
138

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးငယ် (၂) ဦးထံမှ ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဇူလိုင်လ ၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးလမ်းကြားတွင် မစမ်လင်းဟွမ်(ခ)နန်းဟန်နီ မောင်းနှင်ပြီး မမေရီ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာ‌ဖွေခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂ ဒသမ ၁၇၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၃၉၂ ဒသမ ၅ သိန်း) နှင့် လက်ကိုင်ဖုန်း (၃) လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးတွေ့ရှိခဲ့၍ မစမ်လင်းဟွမ်(ခ)နန်းဟန်နီ (၂၁)နှစ်နှင့် မမေရီ(၂၅)နှစ်တို့ကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here