နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာမှုကြောင့် ပြည်ပမှတင်သွင်းသည့်ဆေးဝါးများ စျေးနှုန်း မြင့်တက်​နေ

0
196

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်၍  နိုင်ငံခြားဖြစ်ဆေးဝါးအချို့ ဈေးနှုန်းများမှာတရိပ်ရိပ်မြင့်တက်လာလျှက်ရှိသည်။

ပြည်တွင်း၌ အဆင့်မြင့်ဆေးဝါးများ ထုတ်လုပ်နိုင်မှု နည်းပါးခြင်းကြောင့် ရာခိုင်နှုန်း ၈၀ ကျော်ကို ပြည်ပနိုင်ငံများမှ တင်သွင်းနေခြင်းဖြစ်ပြီး ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်း၌ ထုတ်လုပ်နေခြင်း ဖြစ်ကြောင်းသိရသည်။

“အခုချိန်အထိ အကျမရှိသေးဘူး။ ဈေးက အမြဲတမ်းလိုလို တက်နေတော့ လူသုံးများတဲ့ ဆေးဝါး တချို့ကိုတောင် ဝယ်မတင်နိုင်တော့ဘူး။နာတာရှည် ရောဂါသည်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ဆေးတွေလောက်ပဲ တင်ရောင်းဖြစ်တော့တယ်” ဟု တောင်ဥက္ကလာပမြို့နယ်အတွင်းမှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဆေးစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စျေးကွက်အတွင်း ယခင်ကကဲ့သို့ လှောင်ကုန်များမထားရှိတော့ဘဲ လိုအပ်သလောက်သာ ဝယ်ယူထားပြီး မရှိမဖြစ်ဆေးများကိုသာ ဝယ်ယူရောင်းချနေကြောင်းနှင့် လက်ရှိကာလတွင် အရောင်းရပ်ထားသည့် ဆေးဆိုင်များ မရှိသေးကြောင်း ဆေးဝါးရောင်းချသူများက ဆိုသည်။

“သွေးထိန်းဈေး၊ သွေးကျဆေး ပုံမှန် မသောက်ရင် လေဖြတ်သွားနိုင်တယ်လေ။ ဈေးတက်လည်း ဝယ်သောက်ရမှာပဲ။ ဈေးတွေတက်သလို ဆိုင်တွေမှာ ပစ္စည်းကလည်း ပြတ်သွားနိုင်တော့ ကြိုဝယ်ထားရတယ်”လို့ သွေးထိန်းဆေး ပုံမှန် ဝယ်ယူသုံးစွဲနေသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော်ရှိသည့်အနက် နှစ်သန်းအထက်မှာ နာတာရှည်ရောဂါအခံရှိသူများဖြစ်ပြီး ဆေးဝါး ပုံမှန်သောက်သုံးမှသာ ရောဂါအခြေနေကို ထိန်းထားနိုင်သည့်အတွက် ဆေးဝါးဈေးနှုန်းများ မြင့်တက်နေသော်လည်း မဖြစ်မနေ ဝယ်ယူသောက်သုံးနေကြရခြင်းဖြစ်သည်။

“ ဒေါ်လာစျေး တက်လာရင် ဆေးစျေးက တခါတည်း လိုက်တက်လာတာပဲ။ အနည်းဆုံး ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကြား တက်တယ်။ လက်ကားဒိုင်တွေလည်း ဝယ်စျေးမြင့်တော့ လျှော့မရောင်းနိုင်ဘူး။ လက်လီသမားကတော့ ပိုဆိုးပေါ့။ ရုတ်တရက် စျေးနှစ်ဆဖြစ်တာမျိုးတော့ မဟုတ်ဘူး။ တဖြည်းဖြည်းချင်း တက်လာတော့ အရင် ကိုဗစ်ကာလကနဲ့ယှဉ်ရင်တော့ နှစ်ဆဖြစ်နေပြီပေါ့။ ဝယ်တဲ့သူကတော့ အရင် ၁၀၀ နဲ့ ဝယ်ရပြီး အခု ၂၀၀ ဖြစ်သွားရင် နှစ်ဆလို့ သတ်မှတ်ကြတာ။ ရုတ်တရက် စျေးခုန်တက်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းချင်း တက်တက်လာတဲ့သဘောပါပဲ” ဟု ရွှေပြည့်စုံစျေးတွင် ဆေးဝါးရောင်းချလျက်ရှိသော လက်ကားအရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်တွင်း၌ နိုင်ငံခြားငွေလဲနှုန်းမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်းတွင် အနည်းငယ် ကျဆင်းလာကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားဖြစ်ဆေးဝါးများကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here