တစ်ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၈၃ ဦးတွေ့ရှိထားပြီး ပိုးတွေ့ရာခိုင်နှုန်း တစ်ရာခိုင်နှုန်းအထက်သို့ ရောက်ရှိလာ

0
158

တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည့် လူနာသစ် (၈၃) ဦး တွေ့ရှိထားပြီး ပိုးတွေ့ရာခိုင်နှုန်း တစ်ရာခိုင်နှုန်းအထက်သို့ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ဇူလိုင်လ (၅) ရက်မှ (၆) ရက်အထိ တစ်ရက်အတွင်း ဓာတ်ခွဲနမူနာ ၆၁၀၉ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၈၃ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့ရာခိုင်နှုန်းမှာ ၁ ဒသမ ၃၆ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယခုဇူလိုင်လ ပထမပတ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုအခြေအနေအရ ဇူလိုင်လ (၁) ရက်တွင် (၃၁) ဦး၊ ဇူလိုင်လ (၂) ရက်တွင် (၂၂) ဦး၊ ဇူလိုင်လ (၃) ရက်တွင် (၂၀) ဦး၊ ဇူလိုင်လ (၄) ရက်တွင် (၃၆) ဦး၊ ဇူလိုင်လ (၅) ရက်တွင် (၆၁) ဦးတွေ့ရှိခဲ့ပြီး ရက်အလိုက် ပိုးတွေ့နှုန်း တစ်ရာခိုင်နှုန်းအောက်သာရှိခဲ့ရာမှ ဇူလိုင်လ (၆) ရက်တွင် ပိုးတွေ့လူနာသစ် (၈၃) ဦး စစ်ဆေးတွေ့ရှိခဲ့၍ ပိုးတွေ့ရာခိုင်နှုန်း တစ်ရာခိုင်နှုန်းအထက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။

ပိုးတွေ့လူနာသစ် တွေ့ရှိမှု အနည်းငယ်တိုးလာခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ထားပြီး ယင်းကဲ့သို့ ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုနှင့် ပြင်းထန်မှုတို့ကို လျော့နည်းစေနိုင်ခြင်း ( အထူးသဖြင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများ)၊ ရောဂါ၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုမှ အသက်အန္တရာယ်ဆုံးရှုံးမှုဖြစ်သည်အထိ ဖြစ်ပေါ်ခြင်းမှ လျှော့ချနိုင်ခြင်းတို့ကြောင့် အသက် ငါးနှစ်နှင့်အထက်ရှိသော ပြည်သူများအားလုံး ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး) များကို မဖြစ်မနေ သွားရောက်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၆ ရက်နေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀၈၉၁၆၃၁ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ ၆၄၀၆၉၆ ဦး၊ သေဆုံးသူ ၁၉၄၉၄ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here