မွန်ပြည်သစ်ပါတီ (NMSP)နှင့် နစက ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (NSPNC)တို့ (၂) ရက်ကြာ ဆွေးနွေးပြီး အချက်တချို့ လက်မှတ်ရေးထိုး

0
108

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် (NSPNC) တို့ နေပြည်တော်တွင် (၂) ရက်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၅) ရက်နှင့် (၆) ရက် (၂) ရက်တာဆွေးနွေးမှုတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့်ကိစ္စနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း နစက က ယမန်နေ့ ညပိုင်းတွင်း သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ယခင်ဆွေးနွေးပွဲများမှရရှိထားသည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ ပြန်လည်စုစည်းဆွေးနွေးကာ သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ကြကြောင်းလည်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်သစ်ပါတီနှင့် မတွေ့ဆုံမီ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကလည်း NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်လက်နက်ကိုင် အဖွဲ့ (၅) ဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် နစက၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ နေပြည်တော်တွင် (၃) ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှု အချက် (၄) ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် နိုင်ဗညားလယ်နှင့် နိုင်အောင်မငေးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် နိုင်အောင်မငေးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here