လေကြောင်း၊ ရေကြောင်းခရီးစဉ်တို့ဖြင့် ပြည်တွင်းသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ ထုတ်ပြန်

0
85

နိုင်ငံတကာ လေကြောင်းလိုင်းနှင့် ရေကြောင်းခရီးစဉ်များဖြင့် ပြည်တွင်းသို့ ဝင်ရောက်ကြမည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို ဇူလိုင်လဆန်းပိုင်းက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် ခရီးသွားများအနေဖြင့် ကျန်းမာရေးကြေညာချက် (Health Declaration Form) ကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာ ဝင်/ထွက်ဂိတ်များရှိ ကျန်းမာရေးအရာရှိများထံသို့ တင်ပြရမည်ဖြစ်ပြီး ကျန်းမာရေးကြေညာချက်တွင် အချက်အလက် မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အာမခံဝယ်ယူထားကြောင်း အထောက်အထားအား သက်ဆိုင်ရာ ဝင်/ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံသို့ တင်ပြရမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအစိုးရ/ ကျန်းမာရေးအာခမံလုပ်ငန်းများ၊ နိုင်ငံတကာ အသိအမှတ်ပြု ကျန်းမာရေးအာမခံလုပ်ငန်းများထံမှလည်းကောင်း၊ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ အပါအ ဝင် ကျန်းမာရေးအာမခံဝယ်ယူထားကြောင်း အထောက်အထားတင်ပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းထံမှ ကျန်းမာရေး အာမခံဝယ်ယူခြင်းအား ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကျန်းမာရေးအာမခံဝယ်ယူထားကြောင်း အထောက်အထားမတင်ပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းထံမှ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးအာမခံ ဝယ်ယူရမည်ဖြစ်ပြီး ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာ ဝင်ထွက်ဂိတ် ကျန်းမာရေးအရာရှိများက ဆောင်ရွက်သော ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ခံယူရမည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားများတွင် ကိုယ်အပူချိန်မြင့်တက်ခြင်း အပါအဝင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိပါက RDT နည်းဖြင့် စစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါရှိကြောင်း တွေ့ရှိလျှင် ၎င်းတို့ကို ကျန်းမာရေးအစီအမံများနှင့်အညီ ချက်ချင်းသီးခြားထားရှိမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆေးရုံ (သို့မဟုတ်) ကုသရေးစင်တာ (သို့မဟုတ်) ဟိုတယ်သို့ လွှဲပြောင်းပို့ဆောင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကုသရေးလုပ်ငန်းလမ်းညွှန်များအတိုင်း ကုသမှုခံယူရမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြား သားခရီးသည်များ၊ မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် အဆိုပါ ကုန်ကျစရိတ်များကို ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ကိုဗစ် – ၁၉ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ခရီးသွားများအနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်း၊ ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းမပြုမီ ၎င်းတို့သွားရောက်မည့် (သို့မဟုတ်) ခရီးတစ်ထောက်ရပ်နားမည့် နိုင်ငံများ၏ လိုအပ်ချက်အရ ကိုဗစ် -၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်လိုပါက ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသော ဓာတ်ခွဲခန်းများတွင် မိမိစရိတ်ဖြင့် ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။

ခရီးသွားများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းသတ်မှတ်ချက်များသည် အချိန်နှင့်တပြေးညီ ပြောင်းလဲမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ချက်များသည် ဇူလိုင်လ (၁) ရက်နေ့မှစတင် အသက်ဝင်ပြီး ယခုသတ်မှတ်ချက်သည် “ နိုင်ငံတကာ ပုံမှန်လေကြောင်း ခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းရေးဆိုင်ရာသတ်မှတ်ချက်များ ( ၂၂-၃-၂၀၂၃) “ ကို အစားထိုးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here