ကျုံအိတ်တံတားအား ယာယီ ဘေလီတံတား ထိုးရန်ပြင်ဆင်နေစဥ် Drop Bomb ဖြင့် ထပ်မံတိုက်ခိုက်ခံရပြီး လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ

0
220

မွန်ပြည်နယ်၊ သထုံမြို့နှင့် ဘီးလင်းမြို့အကြားရှိ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားသည့် ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန်ပြင်ဆင်နေစဥ် ယနေ့ ဇူလိုင်လ (၇) ရက် နံနက်ပိုင်းက Drop Bomb ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ယာယီဘေလီတံတားထိုးရန် ပြင်ဆင်နေသည့် တံတားပြင်ဆင်ရေးအဖွဲ့ဝင်များအား Drone ယာဥ်များအသုံးပြုကာ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ယာယီဘေလီတံတားထိုးဖို့ ပစ္စည်းတွေချနေတာတွေ့တယ်။ ယာယီဘေလီ တံတားထိုးပြီးရင် သွားလာရပိုလွယ်သွားမယ်လေ။ အခုမနက်ကျတော့ ဘေလီတံတား ထိုးဖို့လုပ်နေတဲ့အဖွဲ့ကို ဗုံးနဲ့ထပ်ပြီး တိုက်ခိုက်ခံရတော့ ပြင်ဆင်ချိန်ထပ်ကြာသွားတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ Drop Bomb ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးတွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လမ်းအကျယ် ၄၁ ပေခန့်ရှိသည့် ကျုံအိတ်တံတားမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုင်းခွဲဖျက်ဆီးခံရသဖြင့် ပျက်စီးခဲ့ပြီး လက်ရှိအချိန်တွင် ဖြတ်သန်းသွားလာနေသည့်ကားများမှာ ကောင်းမွန်သည့်တံတားဘက်ခြမ်းတွင်သာ ဖြတ်သန်းသွားလာနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်နေမှုကြောင့် ယာယီဘေလီတံတားထိုးရန်မှာ လုံခြုံရေးအခြေအနေအရ ဆောက်ရွက်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

ပုံစာ – မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားအား တွေ့ရစဉ် (ပုံအဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here