တာချီလိတ်တွင် စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုး၍ အမျိုးသား တစ်ဦးသေဆုံး၊ ပြစ်မှုကျူးလွန်သူ (၃) ဦးကို ဖမ်းဆီး

0
136

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေ(ပါလျှံ ၃)ရပ်ကွက်ရှိ ကွန်ကရစ်လုပ်ငန်း၊ လုပ်သားဝန် ထမ်းလိုင်းခန်းတွင် ဇူလိုင်လ ၇ ရက်၊ ညပိုင်းက အမျိုးသား (၄) ဦးစကားများရန်ဖြစ်ရာမှ အမျိုးသား(၁) ဦး ဓားဖြင့်ထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၁၀ နာရီခန့်က တာချီလိတ်မြို့၊ ရန်အောင်မြေ(ပါလျှံ ၃)ရပ်ကွက်ရှိ ကွန်ကရစ်လုပ်ငန်း၊ လုပ်သားဝန်ထမ်းလိုင်းခန်း၏ ဒုတိယထပ်တွင် ကိုမျိုးဆန်း (၃၅)နှစ်၊ ကိုနေလင်းအောင် (၃၉) နှစ်၊ ကိုနေရဲလင်း (၂၄)နှစ်နှင့် ကိုမျိုးကျော်ကျော် (၂၅)နှစ်တို့ စကားများရန်ဖြစ်ပြီးနောက် လုံးထွေးသတ်ပုတ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ကိုမျိုးဆန်းမှာ ထိုးသွင်းပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ကိုနေလင်းအောင်တွင် ဘယ်တံတောင်ဆစ်အထက် ထိုးသွင်းဒဏ်ရာ၊ ကိုနေရဲလင်းတွင် ဘယ်လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ကိုမျိုးကျော်ကျော်တွင် ညာလက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်းတို့တွင် ပြတ်ရှဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီးနောက် ဟောင်လိတ်နယ်မြေရဲစခန်းက ကိုနေလင်းအောင်၊ ကိုနေရဲလင်းနှင့် ကိုမျိုးကျော်ကျော်တို့ကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here