မိန်းမကို သတ်ပြီး ဦးနှောက်ကို အစားအသောက်ထဲ ထည့်စားမှု မက္ကဆီကို၌ ဖြစ်ပွား

0
299

မက္ကဆီကိုနိုင်ငံက အမျိုးသားတစ်ဦးဟာ မိန်းမဖြစ်သူကို သတ်ပြီး ဦးနှောက်ကို မက္ကဆီကို စားဖွယ်တစ်မျိုးဖြစ်တဲ့ တာကို ထဲ ထည့်စားခဲ့တယ်လို့ သိရပါတယ်။

အဲလ်ဗာရို လို့ခေါ်တဲ့ ၃၂ နှစ်အရွယ် အဆိုပါ အမျိုးသားကို ပွဲဘလာမြို့က သူ့ရဲ့ နေအိမ်မှာ ဇူလိုင်လ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဲလ်ဗာရိုဟာ ဇွန်လ ၂၉ ရက်နေ့မှာ ကလေးငါး ယောက် အမေဖြစ်တဲ့ သူ့ရဲ့ မိန်းမကို မူးယစ်ဆေးဝါးသုံးပြီး ကယောင်ကတမ်းဖြစ်ကာ သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အသတ်ခံရသူရဲ့ အမေဖြစ်တဲ့ မာရီယာ အလီရှာက အဲလ်ဗာရိုဟာ သူ့သမီးကို သတ်ပြီး နှစ်ရက်အကြာမှာ မယားပါ သမီးတွေထဲက တစ်ယောက်ကို ဖုန်းဆက်ပြီး လူသတ်မှုအကြောင်း ဝန်ခံခဲ့တယ်လို့ ပြောပါတယ်။ အဲလ်ဗာရိုဟာ သူ့သမီးကို တောခုတ်ဓား၊ ဆောက်နဲ့ တူတို့ကို အသုံးပြုပြီး ခုတ်ထစ်ခဲ့တာလို့ မာရီယာက ဆိုပါတယ်။

အဲလ်ဗာရို ကလည်း သူ့မိန်းမကို ခုတ်ထစ်ပြီး ပလတ်စတစ်အိတ်တွေထဲ ထည့်ကာ အိမ်နောက်ဖေးက လျှိုမြောင်ထဲ စွန့်ပစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါ့ပြင် သူဟာ မိန်းမရဲ့ ဦးနှောက်ကို တာကိုထဲ ထည့်စားခဲ့ပြီး ကြွေမွနေတဲ့ ဦးခေါင်းခွံရဲ့ အစိတ်အပိုင်းအချို့ကိုလည်း ပြာခွက်အဖြစ် အသုံးပြုခဲ့တယ်လို့ ဝန်ခံလာပါတယ်။ ပြီးတော့ ဒီအရာတွေအားလုံးကို ဆန်တာ မော်တေးဆိုတဲ့ သူတော်စင် သေမင်းနဲ့ နတ်ဆိုးတွေက စေခိုင်းလို့ လုပ်ရတာပါဆိုပြီး ရဲအရာရှိတွေကို ပြောထားပါတယ်။

အဲလ်ဗာရိုနဲ့ သူ့မိန်းမဟာ ဆန်တာ မော်တေးကို ကိုးကွယ်တဲ့သူတွေ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးသမားဖြစ်တဲ့ အဲလ်ဗာရိုဟာ အရက်နဲ့ မူးယစ်ဆေးဝါးစွဲသူဖြစ်ပြီး မိန်းမကိုလည်း မကြာခဏ ရိုက်နှက်တတ်သူ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ အသတ်ခံရသူကို သင်္ဂြိုလ်ပေးဖို့အတွက် ကျန်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရှာဖွေနေကြပါတယ်။ အမှုကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

Source: MIRROR


LEAVE A REPLY

Please enter your comment!
Please enter your name here