နေတိုးထိပ်သီးစည်းဝေးပွဲ နီးလာသည်နှင့်အမျှ ဆွီဒင်အား ဆန့်ကျင်မှုကို ဖယ်ရှားရန် တူရကီကို အမေရိကန်က ဖိအားပေး

0
147

လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီးလ်နီးယပ်စ်၌ အင်္ဂါနေ့တွင်စတင်ကျင်းပမည့် နေတိုး မဟာမိတ်နိုင်ငံများ အစည်းအဝေးမစမီ ရက်အနည်းငယ်အလိုတွင် ဆွီဒင်နိုင်ငံနေတိုးအဖွဲ့ဝင်ခြင်းအပေါ် ဆန့်ကျင်မှုကို ရုတ်သိမ်းရန် အမေရိကန်က တူရကီကို ဖိအားပေးလျက်ရှိသည်။

သီတင်းပတ် နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်အား စည်းလုံးညီညွတ်သည့် အင်အားစုတစ်ရပ်ကို တင်ပြရန် နေတိုးခေါင်းဆောင်များက မျှော်လင့်နေကြသည်။ သို့ရာတွင် ယင်းအစည်းအဝေး မတိုင်မီရက်ပိုင်းမျှ အလိုတွင် တူရကီက ဆွီဒင် ပါဝင်မှုအပေါ် ကန့်ကွက်ထားခြင်းကို ရုပ်သိမ်းရန် မဖြစ်နိုင်ဟု လေ့လာသူများကဆိုသည်။

မကြာသေးမီက နောက်ထပ်ငါးနှစ်သက်တမ်းအတွက် ရွေးကောက်ခံခဲ့ရသော တူရကီသမ္မတ ရီဆက်ပ်တေယစ်အာဒိုဂန်က ၎င်း၏အယူအဆကို သောကြာနေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“မဟာမိတ်များ၏အနှစ်သာရသည်အပြန်အလှန်ယုံကြည်မှုနှင့်စည်းလုံးညီညွတ်မှု၏အဖွဲ့အစည်းဖြစ်သည်” ဟုအာဒိုဂန်က ယင်းမိန့်ခွန်းတွင်ပြောကြားခဲ့သည်။ “အကြမ်းဖက်သမားတွေ လမ်းတွေပေါ်မှာ လှည့်လည်သွားလာနေတဲ့နိုင်ငံကို တူရကီက ဘယ်လိုယုံကြည်နိုင်မလဲ”ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။

နေတိုးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျူလီယန်နီစမစ်ကမူ ဘိုင်ဒင်အစိုးရအဖွဲ့သည် အနောက်နိုင်ငံများ၏ စစ်ရေးမဟာမိတ်အဖွဲ့တွင် ဆွီဒင်၏ပါဝင်မှုကို အမြန်ဆုံးမြင်လိုကြောင်း ပြောကြားခဲ့သည်။

အတ္တလန်တိတ် စစ်မဟာမိတ်အဖွဲ့တွင် ပါဝင်လိုသည့် နိုင်ငံတစ်နိုင်ငံ၏ တောင်းဆိုချက်အား အဖွဲ့ဝင်နိုင်ငံအားလုံးက အတည်ပြုရန် လိုအပ်သည်။ ဖင်လန်နိုင်ငံအား အဖွဲ့ဝင်အဖြစ် လက်ခံစဉ်ကလည်း တူရကီနှင့် ဟန်ဂေရီတို့က သဘောတူကြောင်း အတည်ပြုချက်ပေးပြီးနောက်မှသာလျှင် ဖင်လန်သည် နေတိုး၏ ၃၁ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယခုလည်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏နိုင်ငံသည် တူရကီ၏ ဦးဆောင်မှုနောက်သို့ လိုက်မည်ဟု မကြာသေးမီက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here