ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ချုပ်ထည် Order များ အများအပြားရရှိရန်လိုအပ်သလို အလုပ်သမားများနှင့် ဆက်ဆံရေး ကောင်းမွန်ရန်လိုအပ်ဟုဆို

0
160

ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ချုပ်ထည် Order များ အများအပြားရရှိရန်လိုအပ်ပြီး အလုပ်သမားများနှင့်လည်း ယုံကြည်မှုတည်ဆောက်၍ လုပ်ငန်းခွင်ဆက်ဆံရေး ပြေလည်ကောင်းမွန်ရန် လိုအပ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

စက်မှုထုတ်ကုန်နှင့် အထည်အလိပ်၊ အဝတ်အထည်ပစ္စည်းများ ပို့ကုန်တိုးမြှင့်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အသင်းအနေဖြင့် ၂၀၁၅ မှ ၂၀၂၅ ခုနှစ်အတွက် မဟာ ဗျူဟာ (၁၀) နှစ် စီမံကိန်းကို ချမှတ်ထားပြီး စက်ရုံအရေအတွက်၊ ပို့ကုန်တန်ဖိုး၊ အလုပ်ခန့်ထားရေး စသည့် Target များထားရှိ၍ ဆောင်ရွက်ခဲ့ရာ ကိုဗစ်မတိုင်ခင်ကာလအထိ သတ်မှတ် Target ကို ပြည့်မီခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်သည် ပို့ကုန်အမြင့်ဆုံး တင်ပို့နိုင်သည့်နှစ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အထည်ချုပ်ကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအနေဖြင့် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများဖြစ်ရေးအတွက် ဥပဒေများကို ရှင်းလင်းသင်ကြားပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပို့ချပေးခြင်း၊ လုပ်ငန်းခွင် ဆက်ဆံရေးတိုးမြင့်စေရေး စသည်တို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အထည်ချုပ် သင်တန်းကဏ္ဍတွင်လည်း သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန TVET ဌာနနှင့်ပူးပေါင်း၍ Diploma in Fashion Technology ကို ပို့ချနိုင်ရန် စတင်ဆွေးနွေးနေကြောင်း၊၂၀၁၇ ခုနှစ်တွင် ပြင်သစ်၌ ကျင်းပသည့် နိုင်ငံတကာအဝတ်အထည်ပြပွဲ(Messe Frankfurt, Paris)တွင်လည်း အသင်းအနေဖြင့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ (Made in Myanmar) ကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့မှ တက်ရောက်လာသည့် ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်ကိုယ်စားလှယ်များမှ ပို့ကုန်တင်ပို့နိုင်ရေးအတွက် ကုန်ကြမ်းများ၊ ကုန်ပစ္စည်းများ တင်သွင်းတင်ပို့ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ အခက်အခဲများ၊ FOP စနစ်ဖြင့် ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းအခြေအနေနှင့် အခက်အခဲများ၊ အထည်ချုပ်ကဏ္ဍရှိ အလုပ်သမားများ ညဆိုင်းအချိန်ပိုဆင်းနိုင်ရေး ခွင့်ပြုပေးနိုင်ရေး၊ ပြည်တွင်းရက်ကန်းလုပ်ငန်းများ ထွန်းကားရေး၊ ဒေသရိုးရာအထည်အလိပ်များ အဆင့်မီစွာထုတ် လုပ်တင်ပို့နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here