အိန္ဒိယ – မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းရန် ဆွေးနွေးမှုများပြုလုပ်

0
177

အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုအတွက် ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင်လ (၆) ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီး မီနေးကူးမားတို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သီးသန့်တွေ့ဆုံခဲ့ခြင်းဖြစ်‌ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ဆွေးနွေးရာတွင် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းအပြင် နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်မှု ချိတ်ဆက်ရေးနှင့် အခြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းမှုများကို ယခုနှစ်အစောပိုင်းကတည်းက ပြုလုပ်နေခြင်းဖြစ်ပြီး နည်းပညာအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

အိန္ဒိယ အစိုးရက ထုတ်ပြန်ထားသည့် အချက်အလက်များအရ အိန္ဒိယနိုင်ငံအနေဖြင့် (၄) နှစ်အတွင်း မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အားယူနစ် (၃၅ ဒသမ ၀၂) သန်း တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here