မျိုးဆက်သစ်လူငယ်များအနေဖြင့် ရေးတတ်ဖတ်တတ်ရုံမျှနှင့်မပြီးဘဲ အားလုံးစာတတ်မြောက်ကြရန်လိုအပ်

0
185

မျိုးဆက်သစ်လူငယ်များ စာတတ်မြောက်ရေးနှင့် ပတ်သက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ ဇူလိုင်လ (၈) ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်း- မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများပညာရေးကော်မတီ(BMWEC)ရှိ မြန်မာရွှေ့ပြောင်းကျောင်း (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ၂၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ(အဖြူ/အစိမ်း)၊ ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခု ထောက်ပံ့ပေးမှုများသည် ပညာတတ် လူသားအရင်းအမြစ်များ ပေါများလာစေရန် ရည်ရွယ်ခြင်းဖြစ်ကာ မျိုးဆက်သစ်လူငယ်များအနေဖြင့် ရေးတတ်ဖတ်တတ်ရုံမျှနှင့် မပြီးဘဲ အားလုံးစာတတ်မြောက်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

“အနာဂတ်ကို ခေါင်းဆောင်ကြရမယ့် လူငယ်တွေကို ပညာတတ်တွေဖြစ်အောင် များများမွေးထုတ် ပေးနိုင်ကြစေလိုပါတယ်”ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကပြောသည်။

ထို့ပြင် ယခုအခါ ပညာရေးသင်ရိုးသစ်များအား သင်ကြားနေပြီဖြစ်၍ မြန်မာရွှေ့ပြောင်းကျောင်းများတွင်လည်း သင်ရိုးသစ်သင်ကြားနိုင်ရန် ဆရာ၊ ဆရာမများကို ဆင့်ပွား သင်တန်းများ သင်ကြားပို့ချပေးရမည်ဖြစ်ကာ အစိုးရအနေဖြင့်လည်း ဆက်လက်ထောက်ပံ့ပေးနိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင်ဦးမှ (ထက်၊လယ်၊မူ)ကျောင်းသား၊ ကျောင်းသူများအတွက်ကျောင်းဝတ်စုံ(အဖြူ/အစိမ်း)(၁၀၀)စုံ၊ကျောင်းသုံးပုံနှိပ်စာအုပ်(၄၇၃၅)စုံ၊ကျောင်းသုံးဗလာစာအုပ်(၈၅၀)ဒါဇင်တို့အား မြန်မာရွှေ့ပြောင်းလုပ်သားများ ပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ နော်ဆာအယ်စေးဖိုးထံသို့ ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here