စားအုန်းဆီ ရည်ညွှန်းဈေး ယခင်တစ်ပတ်ထက် ၁၀၀ ကျော် မြင့်တက်လာ

0
114

ယခုတစ်ပတ်အတွက် အစိုးရက သတ်မှတ်သည့် ပြည်တွင်း စားအုန်းဆီ အခြေခံရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၄၁၄၀ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ထက် ၁၀၀ ကျော် မြင့်တက်လာကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ပြည်တွင်း၌ ရောင်းချရမည့် စားအုန်ဆီအခြေခံ ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရည်ညွှန်းသတ်မှတ်လျက်ရှိရာတွင် ပြီးခဲ့သည့်တစ်ပတ်က တစ်ပိဿာ ၄၀၃၀ ကျပ် သတ်မှတ်ခဲ့ရာမှ ယခု တစ်ပတ်တွင် ၄၁၄၀ ကျပ်ဖြင့် အနိမ့်ဆုံးထား ရောင်းချကြရန် သတ်မှတ်ထားခြင်း ဖြစ်သည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက တစ်ပိဿာ ၄၀၀၀ ကျပ်ကျော်ဖြင့် ရောင်းချရန် ရည်ညွှန်းဈေး သတ်မှတ်ထားသော်လည်း မြေပြင်တွင် စားအုန်းဆီ တစ်ပိဿာပေါက်ဈေးမှာ ၉၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း စားအုန်းဆီ လက်လီရောင်းချသူများထံမှ စုံစမ်းသိရသည်။

ပြည်တွင်းစားသုံးဆီ လိုအပ်ချက်မှာ တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် တစ်သန်းခန့် လိုအပ်ချက်ရှိပြီး ပြည်တွင်း ထုတ်လုပ်မှုဖြင့် လုံလောက်မှု မရှိသည့်အတွက် ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းနေရခြင်းသည်လည်း ပြည်တွင်း၌ စားအုန်းဆီ ဈေးနှုန်း မြင့်တက်မှုကို ဖြစ်ပေါ်စေသည့် အချက်တစ်ခုအနေ ဖြင့် ရှိနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့စားအုန်းဆီ ဈေးကွက်တွင် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်နေပြီး ပြည်တွင်း ၌လည်း ဈေးနှုန်းအမြင့်ဘက်သို့သို့ ဦးတည်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here