ဖိလစ်ပိုင်တွင်လုပ်ငန်းဖျက်ပြီးပိုင်ရှင်​​ပြေးသွားသည့်ကုမ္မဏီမှ အခက်ကြုံ​နေသည့်မြန်မာလုပ်သား ၂၀ ကျော် နေရပ်ပြန်ပို့

0
112

ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ အွန်လိုင်းဂိမ်းလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်ရင်း လုပ်ငန်းဖျက်သိမ်းခံရကာ အလုပ်ရှင်ထွက်ပြေးသွားခြင်းကြောင့် အခက်အခဲကြုံနေရသည့် မြန်မာနိုင်ငံသား (၂၂) ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့‌ကြောင်း မနီလာမြို့ရှိ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga) မာဘလာကတ်မြို့ (Mabalacat City) ရှိ အွန်လိုင်းဂိမ်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုသည်လုပ်ငန်းဖျက်သိမ်းကာအလုပ်ရှင်မှာ တိမ်းရှောင်ထွက်ပြေးသွားခြင်းကြောင့် အခက်အခဲကြုံနေရသည့် နိုင်ငံခြားသားများအနက် မြန်မာနိုင်ငံသား (၂၃) ဦး ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား (၂၃) ဦးအနက်မှ အမျိုးသမီး (၁၆) ဦးနှင့် အမျိုးသား(၆) ဦး၊ စုစုပေါင်း (၂၂) ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၈ ရက်တွင်  မြန်မာသံရုံးယာယီတာဝန်ခံနှင့် သံရုံးတာဝန်ရှိသူများ၊ ဖိလစ်ပိုင်နိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက မနီလာမြို့ နနွိုင်းအာကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် မြန်မာနိုင်ငံသား (၁) ဦးကိုလည်း လူဝင်မှုကြီးကြပ်ရေးကိစ္စများဆောင်ရွက်ပြီးပါက မြန်မာနိုင်ငံသို့ စောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် စီစဉ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလအတွင်းက ဖိလစ်ပိုင်နိုင်ငံတွင် လုပ်ငန်းခွင်အတွင်း အတင်းအကြပ်စေခိုင်းခံနေရသည့် မြန်မာနိုင်ငံသား (၄၂) ဦးအနက်မှ (၂၀) ဦးကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဇွန်လ (၂) ရက်နေ့က မြန်မာနိုင်ငံသား (၁၅) ဦးကို ဒုတိယအသုတ်အနေဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ (၁၄) ရက်ကလည်း မြန်မာနိုင်ငံသား (၆) ဦးကို တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ – ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများအား လေဆိပ်တွင် တွေ့ရစဉ် (ပုံအဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here