တာချီလိတ်မြို့နယ်တွင် လိုင်စင်မဲ့ သေနတ်ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားအား ဖမ်းဆီးစဥ် အပြန်အလှန် ပစ်ခတ်မှုဖြစ်

0
224

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဇူလိုင် (၉) ရက် မွန်းလွဲပိုင်းက လိုင်စင်မဲ့သေနတ်ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးစဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ (၂) နာရီခွဲခန့်က တာချီလိတ်မြို့ နယ်၊ဝမ်လုံးကျေးရွာအုပ်စု၊ဝမ်လုံးကျေးရွာ၌ သေနတ်ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရန် ဝမ်လုံးကျေးရွာအနီး၌ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးနေစဥ် မြန်မာနိုင်ငံသား စိုင်းဝူရှန်မောင်းနှင်ကာ ထိုင်းနိုင်ငံသား(အမည်/နေရပ်လိပ်စာ စိစစ်ဆဲ) လိုက်ပါလာသည့် ဆိုင်ကယ်အားစစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးပြီး ထိုင်းနိုင်ငံသားမှ ရဲတပ်ဖွဲ့ဝင်များအား အသင့်ပါလာသည့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် ဒု-ရဲအုပ်တစ်ဦးမှသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ဟန့်တားရာ ထိုင်းနိုင်ငံသား၏ ဘယ်ဘက်တင်ပါးအားကျည်ထိမှန်ကာ ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ ထိုင်းနိုင်ငံသားနှင့် ဆိုင်ကယ်မောင်းနှင်သည့် မြန်မာနိုင်ငံသားတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားထံမှ အီတလီ နိုင်ငံထုတ် လိုင်စင်မဲ့ Pietro Beretta အမျိုးအစား 9 mm ပစ္စတို (၁)လက်၊ ၎င်းကျည်(၅၃)တောင့်၊ ကျည်ခွံ(၆)တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား၏ ပစ်ခတ်မှုကြောင့် ဟောင်လိတ်နယ်မြေ ရဲစခန်းမှ ဒု-ရဲအုပ်တစ်ဦး၏ ညာဘက်ပေါင်လယ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဒု-ရဲအုပ်အား ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားအား ဥပဒေအရထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here