စစ်တွေမြို့ရှိ ကျောင်းများအားပြန်လည်တည်ဆောက်ရာတွင် ပညာသင်ကြားနိုင်ရေးနှင့်လိုအပ်ချိန်များတွင် ယာယီခိုလုံရာ Shelter များ အဖြစ်အသုံးပြုနိုင်ရေး တွက်ချက်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

0
80

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊စစ်တွေမြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍  နစက ဥက္ကဋ္ဌကမှာကြားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၀ ရက်နံနက်ပိုင်းက စစ်တွေမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

မူလအခြေအနေထက်ပိုမိုကောင်းမွန်သည့် စစ်တွေမြို့အဖြစ် ပြန်လည်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်လိုအပ်သည်များကို ဆောင်ရွက်ပေးသွားခြင်း၊ ခေတ်မီမြို့ပြအဖြစ်ရောက်ရှိလာစေရန် မြို့တွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ခြင်း၊အဆောက်အဦများကို ခေတ်နှင့်လျော်ညီသည့် အဆောက်အဦများဖြစ်စေရန် စီမံဆောင်ရွက်ပေးမည်တို့ကိုထည့်သွင်း​ပြောကြားသွားသည်။

“ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ဒေသရဲ့ရေရှည်အကျိုးကိုကြည့်ပြီး စနစ်တကျ တွက်ချက်ဆောင်ရွက်ရပါမယ်၊ အဲဒီလို ဆောင်ရွက်ရာမှာလည်း အဓိကအားဖြင့် စားရေ ရိက္ခာလုံလောက်မှုရှိစေဖို့၊ဆန်နဲ့ဆီတွေရရှိဖို့ကိုဆောင်ရွက်ပေးရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အခြေခံပညာကျောင်းများပြန်လည်တည်ဆောက်ရာတွင် ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနိုင်ရေးနှင့်လိုအပ်သည့်အချိန်များတွင် ယာယီခိုလုံရာ Shelter များအဖြစ် အသုံးပြုနိုင်ရန် စနစ်တကျတွက်ချက်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများထိခိုက်ပျက်စီးမှုကိုလည်း ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကာ မုန်တိုင်းကြောင့်ထိခိုက်ခဲ့သည့် ပြည်သူများအတွက်ထောက်ပံ့ ပစ္စည်းများပေးအပ်ရာ၌ ထိခိုက်မှုအဆင့်အလိုက် သတ်မှတ်ထားသည့်အတိုင်း ထောက်ပံ့ပေးနိုင်ရန် စနစ်တကျဆောင်ရွက်ရန်ကိုလည်း မှာကြားခဲ့သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သစ်လိုအပ်မှုတွင်ဖြည့်ဆည်းပေးနိုင်ရေးကို အထူးကိစ္စရပ်တစ်ရပ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကာ စစ်တွေဆေးရုံကြီးတွင် အရေးပေါ်ကုသမှုများဆောင်ရွက်ခြင်းနှင့်အဆင့်မြင့်ကုသခြင်းများ ဆောင်ရွက်နိုင်ရန် ဆေးရုံ၌တာဝန်ထမ်းဆောင်နေသည့် ပါရဂူများ၊ ဆေးမှူးများနှင့်ဒေသခံအငြိမ်းစားပါရဂူကြီးများ ပူးပေါင်း၍ ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်ရမည်ဟု မှာကြားသည်။

လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ထိုသို့ ဆောင်ရွက်ပါက ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဟု ဆိုသည်။

လျှပ်စစ်ဓာတ်အားပို့လွှတ်ရာတွင်လည်း နိုင်ငံတော်ဓာတ်အားလိုင်းမှ ချိတ်ဆက်ဆောင်ရွက်ထားခြင်းဖြစ်၍ သဘာဝဘေးဒဏ်ကျရောက်ချိန်တွင် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နိုင်သဖြင့် ဒေသတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနည်းကို လမ်းရှာဖွေခြင်း၊ စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုဆောင်ရွက်နိုင်ပြီး ရေအရင်းအမြစ်အသုံးချ၍ အသေးစား၊အလတ်စား ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများဆောင်ရွက်နိုင်ရန် လေ့လာဆောင်ရွက်ရမည်ဟု မှာ ကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here