ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ် ပြုပြင်ရခြင်းကြောင့် မီးပျက်ခြင်းဖြစ်ဟုဆို

0
196

ဇူလိုင်လ (၁၀) ရက်နေ့တွင် ရတနာကမ်းလွန် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ် ပြုပြင်နေသည့်အတွက် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားပျက်တောက်မှုများရခြင်းဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) မှ သိရသည်။

“လောလောဆယ် ရတနာကမ်းလွန်က Compressor နှစ်လုံးရပ်သွားတယ်။ Shutdown ဖြစ်သွားတာပါ။ ဒါကြောင့် လျှပ်စစ်မီးက ခေတ္တပျက်သွားတာပေါ့။ အခုတော့ ပြင်နေတယ်။ တစ်လုံးတော့ပြီးပါပြီ “ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုးရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောကြားသည်။

အဆိုပါ အခြေအနေများကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နိုင်သေးကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တပ်ဆင်အင်အား၏ ၁၄ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) မှ ပါဝင်ရေး ရည်မှန်းဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခဲ့မှုအနေဖြင့် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ်မှ ကီလိုဝပ် နာရီသန်းပေါင်း ၁၁၂၂၄ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ် နာရီသန်းပေါင်း  ၉၂၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီ ၁၁၅၅၃ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ ၇၆၉၀ သန်းကျော် ထုတ်လုပ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်ရေအားမှ ကီလိုဝပ်နာရီ ၁၁၄၄၁ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ ၇၅၇၇ သန်းကျော် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here