ဇူလိုင် (၃၁) ရက်တွင် အရေးပေါ်ကာလ သက်တမ်းပြည့်မည်ဖြစ်၍ ဩဂုတ် (၁) ရက်နောက်ပိုင်း အပြောင်းအလဲများဖြစ်ပေါ်လာနိုင်

0
762

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလ သက်တမ်း (၆) လတိုးထားခြင်းသည် လာမည့် ဇူလိုင်လ (၃၁) ရက်တွင် သက်တမ်းပြည့်မည်ဖြစ်သည့် အတွက် ဩဂုတ် (၁) ရက်မှ စတင်ကာ အပြောင်းအလဲများ ဖြစ်လာနိုင်ချေရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။သြဂုတ် ၁ ရက် ဓမ္မစင်္ကြာနေ့တွင် မာရဝိဇယဘုရားကြီးအားအနေကဇာတင်မည်ဟုလည်းကြားသိနေရသည်။

” ဒီလ (၃၁) ရက်သည် ပုဒ်မ ၄၂၅ အရ သာမန်မဟုတ်တဲ့အခြေအနေအရ သူတို့ အနိမ့်ဆုံး မတတ်သာလို့ ယူခဲ့ရတဲ့ (၆) လတာကာလဖြစ်သလို ဒီကာလမှာ ပြီးပြတ်အောင် ဆောင်ရွက်ပေးကြမယ်လို့ ထင်တယ်။ လာမယ့် ဩဂုတ်လ (၁) ရက်ကစလို့ အခြေခံ ဥပဒေအရပဲ ကာလုံကို အပ်နှင်းနိုင်တဲ့ အနေအထားကလည်း ရှိနေတယ်။ အဲဒီလိုပဲ သုံးသပ်တာပေါ့။ တည်ငြိမ်အေးချမ်းတဲ့နေရာကလည်း တော်တော်များများ ရှိနေပြီလေ။ မတည်ငြိမ်တဲ့ နေရာလေးတွေကတော့ ရှိနိုင်သေးတာပေါ့” ဟု ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ လည်းဖြစ်သည့် ဒေါက်တာအေးမောင်က ပြောသည်။

နစကသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်မှစတင်ကာ တိုင်းပြည်အာဏာအားထိမ်းထားခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ (၂) နှစ် သက်တမ်းပြည့်ပါက ကာလုံအစည်းဝေးခေါ်၍ အာဏာပြန်လည် အပ်နှံရမည်ဖြစ်သည်။

အကယ်၍ (၂) နှစ်ပြည့် ကာလုံအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ အနေဖြင့် တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်သည့်အတွက် ၎င်း၏ တာဝန်များအား ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း တင်ပြလာပါက ကာလုံအနေဖြင့် သက်တမ်း(၆)လ ထပ်တိုးပေးနိုင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၂၅)တွင်ပြဌာန်းထားခြင်းလည်း ဖြစ်သည်။

ယင်းအခြေခံ ဥပဒေ ပုဒ်မ (၄၂၅)ပါ ပြဌာန်းချက်အရတိုင်းပြည်သည် သာမန်အခြေအနေ မဟုတ်သေးသည့်အတွက်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ(၁) ရက်မှ စတင်ကာ အရေးပေါ်ကာလအဖြစ် (၆) လ သက်တမ်းထပ်မံတိုးမြှင့်ထားခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်က ပြုလုပ်သည့် ကာလုံအစည်း အဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံ တင်ပြသည့် အစီရင်ခံစာတွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း (၆၅) မြို့နယ်တွင် လုံခြုံရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်ရန် လိုအပ်နေသေးပြီး (၆၇) မြို့နယ်မှာ လုံခြုံရေးအလေးထား ဆောင်ရွက်ရန်လိုအပ်နေသေးကြောင်း တင်ပြကာ (၆) လ ဆက်လက်အာဏာရယူရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တင်ပြချက်များပေါ်မူတည်ကာ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက အရေးပေါ် ကာလကို (၆)လ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလအတွင်း စစ်ကိုင်း၊ ချင်းနှင့် မကွေးတိုင်းအတွင်းမှ မြို့နယ်အများစုအပါအဝင် မြို့နယ် (၄၀) ကျော်ကို စစ်အုပ်ချုပ်ရေးကြေ ညာကာ လုံခြုံရေးနှင့် ဒေသတည်ငြိမ်ရေးကိစ္စများအား စိုက်ဆောင်ရွက်ရန်ကြိုးစားခဲ့ကြောင်း နစက၏ ယင်းကာလ ထုတ်ပြန်ချက်များကဆိုသည်။

” လိုအပ်တာတွေကတော့ ရှိမှာပေါ့ဗျာ။အခြေခံ ဥပဒေအရရွေးကောက်ထားတဲ့ အစိုးရက လုပ်ရမယ့် လုပ်ငန်းတွေကလည်း ရှိဦးမှာပေါ့။ အရေးပေါ်ကာလ ပြဌာန်းချက်အရ သတ်မှတ်တာကတော့ တည်ငြိမ်အေးချမ်းအောင် လုပ်ပေးရမယ်။ ရွေးကောက်ပွဲတစ်ရပ်ကို အောင်အောင်မြင်မြင် ကျင်းပပေးရမယ် ။ အကြားအလပ်မရှိဆိုတာကတော့ တာဝန်ရှိသူရဲ့ ဆန္ဒနဲ့ လိုလားချက်ပေါ့။ ကျွန်တော်တို့က သွားနေတဲ့ လုပ်ငန်းကို ပြောပြတာပါ။ ဖြစ်နိုင်မဖြစ်နိုင်ကတော့ နိုင်ငံရေးအားဖြင့် SAC ဘက်က တွက်မှာပေါ့။ စစ်ရေးအားဖြင့် ၊ တည်ငြိမ်အေးချမ်းရေး အားဖြင့်ပေါ့။ ကျွန်တော်တို့က ဖြစ်သင့်တဲ့အနေအထားကို တင်ပြတာပါ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

လက်ရှိအခြေအနေများအရ လာမည့် (၃၁) ရက် ကာလုံအစည်းအဝေးတွင် နိုင်ငံတော်အာဏာအား ကာလုံထံ ပြန်လည်အပ်နှင်းမည် ဆိုပါက ဩဂုတ်လ (၁) ရက်မှစတင်ကာ အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာမည်ဖြစ်ပြီး (၆) လအတွင်း အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပကာ ရွေးကောက်ခံ အစိုးရအား အာဏာအာဏာလွဲအပ်ရမည့် အခြေအနေဖြစ်သည်။

ယင်းကဲ့သို့ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရန် လာမည့်ဇူလိုင် (၃၁) ရက်မတိုင်မီ ကြားကာလ ရက်ပေါင်း (၂၀) အတွင်း ရွေးကောက်ပွဲ ဥပဒေအသစ်ကို ပြဌာန်းပေးရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here