မြန်မာနိုင်ငံတွင်း သံမဏိထုတ်လုပ်မှု တိုးမြှင့်ရေး ရုရှားနိုင်ငံနှင့် ဆွေးနွေး

0
173

မြန်မာနိုင်ငံအတွင်း သံမဏိထုတ်လုပ်မှု တိုးမြှင့်ရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၊ Yekaterinburg မြို့သို့ ရောက်ရှိနေသည့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဆွေးနွေးပြောကြားခဲ့သည်။

ဇူလိုင်လ ၁၁ ရက်က ရုရှားနိုင်ငံ၊ Yekaterin-burg မြို့၌ကျင်းပသည့် (၁၃)ကြိမ်မြောက်၊ စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၏ Sustainable Manufacturing Strategies of Renewal ခေါင်းစဉ်ဖြင့် ဆွေးနွေးသော Panel Discussion သို့တက်ရောက်ပြီး Moderator မှမေးမြန်းသည့် Building Economic Relations and Protecting your Own Manufacturer နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများ၏ သက်သာချောင်ချိရေးကို ဦးတည်ကာ ပြည်တွင်းထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိရာ ပြည်တွင်းထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲရန် လုံလောက်သည့်အပြင် ပိုလျှံလာပါက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့များပြုလုပ်သွားနိုင်မည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် မြေမျက်နှာသွင်ပြင်အနေအထား၊ သဘာဝသယံဇာတပေါကြွယ်မှု၊ အထူးအားဖြင့် သံရိုင်းများထုတ်ယူနိုင်မှုအခြေအနေ တူညီမှုများစွာရှိ၍ သံမဏိထုတ်လုပ်ရေးကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းအား ရုရှားနိုင်ငံမှ အကူအညီများပေးအပ်လျက်ရှိကာ သံမဏိစက်ရုံစီမံကိန်းတည်ဆောက်မှုလုပ်ငန်းများ ပြီးမြောက်၍ စတင်လည်ပတ်နိုင်ပါက ပြည်တွင်းသံမဏိ လိုအပ်ချက်ကို ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ပြည်ပမှ သံမဏိတင်သွင်းမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

ထို့ပြင် ရုရှားနိုင်ငံ၏ ပညာရေးဆိုင်ရာအကူအညီဖြင့် အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့၍ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ချပေးနိုင်ခဲ့ကာ မြန်မာနိုင်ငံအနေဖြင့်လည်း စဉ်ဆက်မပြတ်တိုးတက်နေသော စက်မှုနိုင်ငံအဖြစ် ပြောင်းလဲနိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းသည် (၁၃)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ ဘီလာရုဇ်၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဂျာဂျစ်စတန်၊ ဥဇဘတ်ကစ်စတန်၊ တာဂျစ်ကစ်စတန်၊ သီရိလင်္ကာ၊ အီသီယိုးပီးယား၊ ဇင်ဘာဘွေ၊ ရုရှားနိုင်ငံတို့မှ ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here