ရခိုင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီများအား ဥပဒေနှင့် အညီဆောင်ရွက်ထားခြင်း ရှိမရှိ UEC စစ်ဆေး

0
118

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် ယမန်နေ့ဇူလိုင်လ (၁၁) ရက်က ပြည်နယ် ကော်ရှင်ရုံးတွင်တွေ့ဆုံကာ ဥပဒေ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများဆောင်ရွက်ထားခြင်း ရှိမရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ (၁၁) ရက်က ရခိုင်ပြည်နယ်အခြေ စိုက်ပါတီများဖြစ်သည့် ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုး သားအင်အားစုပါတီ၊ မြို တိုင်းရင်းသားပါတီ၊ ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊ မြို တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ပါတီမှတ်ပုံတင် ခွင့်ပြုထားပီးသား ပါတီများအနေဖြင့် ပါတီမှတ်ပုံတင် ဥပဒေ၊ နည်း ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ကာ သတ်မှတ်ရက်များအတွင်း ပါတီဝင် အင်အားများ ပြည့်မီအောင် စည်းရုံးရန်၊ ပါတီရုံးခန်းများအား သတ်မှတ်ထားသည့် မြို့နယ် အရေအတွက် ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ၏ မြို့နယ် ပါတီရုံးခွံများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ၊ စာရင်းစစ်ဌာနတို့မှ ပူးပေါင်းစစ်ဆေးမည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ထားကြရန်လည်း UEC တာဝန်ရှိသူများက မှာကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံရေးပါတီဝင်များ ယခင်‌ကိုင်ဆောင်နေသည့် သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်များကိုလည်း မြို့နယ် လဝက ရုံးများတွင် သွားရောက်ကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများနှင့် လဲလှယ်ကြရန်အတွက်လည်း မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မှာကြားချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ UEC နှင့် ရခိုင်နိုင်ငံရေးပါတီများ တွေ့ဆုံရာသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ဦးမြင့်သိန်းနှင့် ဦးမြင့်ဦးတို့ တက်ရောက်ခဲ့ကြကြောင်း UEC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here