ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခွင့်ရခဲ့ဟု သတင်းထွက်ပေါ်

0
844

နေပြည်တော်တွင်ထိန်းသိမ်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းတို့ ပြီးခဲ့သည့် ရက်ပိုင်းကတွေ့ဆုံခဲ့ကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနက ဖော်ပြလာသည်။

အဆိုပါ သတင်း ဖော်ပြချက်အရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြန်မာအစိုးရဖက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၉) ရက်တွင် တွေ့ ဆုံခဲ့ကြောင်း အာဆီယံကို အသိပေးထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ထိုင်းနိုင်ငံက ကမကထပြု စီစဉ်ပြီး လာအို၊ကမ္ဘောဒီးယား၊ဘရူနိုင်း၊ဗီယက်နမ်၊အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့သည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲအပြီး ပွဲစီစဉ်သူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်သလို ဂျကာတာမြို့မှာ ကျင်ပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ တွေ့ဆုံခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။

ယခုတွေ့ဆုံမှု အမှန်တကယ်ဖြစ်ပေါ်ခဲ့သည်ဆိုပါက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ပအစိုးရ ထိပ်တန်းခေါင်းဆောင်တစ်ဦးတို့ ၏ ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် NUG ၊ PDF ကဲ့သို့သော အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိခြင်း မရှိသလို ထောက်ခံခြင်းလည်း မရှိကြောင်း ပြောကြားခဲ့သည်ဟုလည်း အချို့သော နိုင်ငံတာသတင်းများက ဖော်ပြထားသည်။ 

ပြီးခဲ့သည့် နှစ်များအတွင်းက အာဆီယံအထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာကပါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မြန်မာအစိုးရထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အမှုရင်ဆိုင်နေရဆဲဖြစ်သည့် အတွက်ဟုအကြောင်းပြကာ တွေ့ဆုံခွင့်ကို ငြင်းပယ်ထားခဲ့ရာမှ ယခုကဲ့သို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ မဟုတ်သည့်အပြင် မြန်မာ့အရေး အာဆီယံ၏ အထူးကိုယ်စားလှယ်လည်း မဟုတ်သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား တွေ့ဆုံခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှုမြင့်တက်လျက် ရှိနေသည်။

ယခုတွေ့ဆုံမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ တာဝန်ရှိသူများဘက်က တိကျခိုင်မာသည့် သတင်းထုတ်ပြန်မှုမျိုး မတွေ့ရသေးသော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၎င်းအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သွားရောက်ခဲ့သည့် မြန်မာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်ဟု အာဆီယံအသိုင်းအဝိုင်းကို အသိပေးခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ထုတ်ဖော်ရေးသားထားသည်ကိုတွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုအပြီးတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဒွန်ပရာမွတ်က နယ်နိမိတ်ထိစပ်မှု ကီလို မီတာ ၂,၀၀၀ ကျော်ရှိ နေသည့် မြန်မာ့အရေးကို လစ်လျူရှုကာ လွှတ်ထားမည်ဆိုပါက ထိုင်းနိုင်ငံအတွက်လည်း ထိခိုက်မှုများ ရှိနိုင်သလို မြန်မာ့အရေး ဖြေရှင်းရန် ကြိုးပမ်းသည့် အာဆီယံနိုင်ငံများထဲ၌ ထိုင်းနိုင်လောက် အားထုတ်သည့် နိုင်ငံ မရှိကြောင်း ပြောကြားခဲ့သည်ဟုလည်း
Pan Orient News ကလည်း ဖော်ပြထားသည်။

Source : Kyodo News, PanOrient News


LEAVE A REPLY

Please enter your comment!
Please enter your name here