ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်အစီးရေ ၆၅၀၀ ကျော်ကို အရေးယူထား

0
204

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်အစီးရေ ၆၅၀၀ ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ယင်းကာလအတွင်းက သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းနှင်သည့် မော်တော်ယာဉ်များ၏ ယာဉ်မောင်းများကို ခံ၀န်လက်မှတ်ရေးထိုးစေခြင်းဖြင့် အသိပညာပေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် အရှိန်နှုန်းတိုင်းတာသည့် စက်ခုနစ်လုံးဖြင့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး တောက်လျှောက် သတ်မှတ်နေရာ ခုနစ်နေရာတွင် တိုင်းတာနေပြီး သတ်မှတ်ကီလိုထက် ပိုမောင်းသည့် ယာဉ်များ၏ အရှိန်နှုန်း၊ ယာဉ်ပုံတို့ကို ပုံရိပ်ဖမ်းယူထားကာ ဖမ်းဆီးရေးအဖွဲ့သုံးဖွဲထံ ပေးပို့ပြီး ဖမ်းဆီးရေးအဖွဲ့များက မှတ်တမ်းများအရ သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းသည့် ယာဉ်မောင်းများကို အရေးယူလျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်အစီးရေ ၆၅၂၀ ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။

“ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တောက်လျှောက် မိုင်တိုင်အမှတ် သုံညကနေ မိုင်တိုင်အမှတ် ၃၆၆ ဒသမ ၃၆ မိုင်အထိ ကျွန်တော်တို့က စက်ခုနစ်လုံးနဲ့ တိုင်းတာစစ်ဆေးပါတယ်။ ပြီးတော့ ဖမ်းဆီးရေးအဖွဲ့ သုံးဖွဲ့ကနေပြီး တိုင်းတာတဲ့အဖွဲ့ ခုနစ်ဖွဲ့က ပေးပို့လာတဲ့ သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းတဲ့ ယာဉ်မောင်းတွေကိုဖမ်းပြီး အမြန်လမ်းမကြီး ဥပဒေအရ တရားရုံးကို တရားစွဲဆို တင်ပို့တာဖြစ်ပါတယ်” ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲမှူးရုံးမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားထားသည်။

အမြန်လမ်းမကြီးပေါ်သို့ ဖြတ်သန်းသွားလာခွင့်ပြုထားသည့် ယာဉ်များမှာ လေးမျိုးခွဲခြားထားပြီး ခရီးသည်တင်ယာဉ်၊ လိုက်ထရပ်ဟိုက်ဂျက်ယာဉ်၊ ကိုယ်ပိုင်ယာဉ်ငယ်များနှင့် သတ်မှတ်ကုန်စည်တင် ယာဉ်များဖြစ်ကြောင်းနှင့် ယင်းတို့အနက် လိုက်ထရပ်ဟိုက်ဂျက်ယာဉ်နှင့် သတ်မှတ်ကုန်စည်တင် ယာဉ်များ၏ သတ်မှတ်အရှိန်နှုန်းမှာ တစ်နာရီလျှင် ကီလို ၈၀ နှုန်းဖြစ်ပြီး ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်များမှာ တစ်နာရီလျှင် ကီလို ၁၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here