သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် တရုတ်၊အိန္ဒိယ၊မြန်မာ ပညာရှင်များ ဆွေးနွေး

0
118

၂၀၁၈ ခုနှစ်က မြန်မာ-တရုတ်နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့မှုအရ သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရန်အတွက် တရုတ်ပညာရှင်အဖွဲ့နှင့် ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသ ထိန်းသိမ်းစီမံခန့်ခွဲရေး အဖွဲ့တို့ ဇူလိုင်လ (၁၁) ရက် နံနက်ပိုင်းက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ထိန်းသိမ်းစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ကော်မတီဝင်များ၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ အ‌ဆောက်အဦ အထူးအဖွဲ့(၇)မှ ဒုတိယညွှန်ကြားရေးမှူး၊ Shanxxi Institute for the preservation of Culture Heritage မှ တရုတ်ပညာရှင်များ၊ အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) မှ ပညာရှင်များ၊ ပုဂံဌာနခွဲမှ အင်ဂျင်နီယာများနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ထိန်းသိမ်းစီမံခန့်ခွဲရေးအဖွဲ့ (Conservation and Management Team for Bagan World Heritage Site -CMTB)သည် ပြည်တွင်းပညာရှင်အဖွဲ့ (TET) နှင့် ပုဂံဒေသနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BICC) တို့ပူးပေါင်း၍ ဖွဲ့စည်းထားသည့်အဖွဲ့ ဖြစ်ကြောင်း သိရသည်။

တရုတ်ပညာရှင်အဖွဲ့မှ Conservation Plan နှင့်ပတ်သက်၍ အပိုင်း ၇ ပိုင်းဖြစ်သော Project Overview ၊ Technical Research ၊ ငလျင်ပြီး‌နောက် ပြန်လည်ပြုပြင်ခြင်း ၊ ငလျင်လှုပ်ပြီးနောက် ထိခိုက်မှုရှိသည့် နေရာများကို အသေးစိတ်စစ်ဆေးခြင်း၊ဆန်းစစ်လေ့လာမှုများပြုလုပ်ခြင်း ၊ထိခိုက်ပျက်စီးမှုများကို အသေးစိတ်ပြန်လည်ပြုပြင်မည့် Plan များရေးဆွဲခြင်း ၊သဗ္ဗညုဘုရားအနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက်အအုံများ ဖြည့်စွက်ထိန်းသိမ်းမည့် အစီအစဉ်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံသည် ပုဂံဒေတွင်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို အကြီးမားဆုံး အကူအညီပေးနေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး သဗ္ဗညုဘုရား ရေရှည်ကြံ့ခိုင်မှုပိုမိုကောင်းမွန်စေရန်ထိန်းသိမ်းရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ပြောသည်။

တရုတ်ပညာရှင်များကလည်း ဘုရားကြီး၏ ထိန်းသိမ်းရေး အစီအမံများနှင့်ပတ်သက်၍ တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေး‌နွေးခဲ့ကြပြီး ပြည်တွင်းပြည်ပ ပညာရှင်များထံမှ အကြံပြုချက်များနှင့် မှတ်ချက်များ ထပ်မံရရှိပါက ဆက်လက်ဆွေးနွေး၍ အကောင်းဆုံးနည်းလမ်းများဖြင့် သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းသွားနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here