အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG ဆိုင်တွင် YBS ယာဉ်များ အချိန်ပေးတန်းစီနေရ၍ ကားများအလှည့်ကျ ထွက်နေရ

0
189

ယခုရက်ပိုင်းအတွင်း မြို့နယ်အချို့တွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် ခရီးသည်တင်ယာဉ်များ CNG ရရှိရန် အချိန်ပေးတန်းစီနေရခြင်းကြောင့် အလှည့်ကျစနစ်ဖြင့် ကားများထွက်နေရကြောင်း လူထုမိတ်ဆွေယာဉ်လိုင်းမှ ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။

“ဒီရက်ပိုင်းမှာ မီးပြတ်လို့ YBS ကားတွေရော၊ တက္ကစီကားတွေရော CNG ဆိုင်ရှေ့မှာ ညလုံးပေါက် တန်းစီနေရတာ။ အခု ကျွန်တော်တို့ YBS ကားတွေဆိုရင် CNG မရလို့ အလှည့်ကျထွက်နေရတယ်”ဟု လူထုမိတ်ဆွေယာဉ်လိုင်းမှ ၉၃ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ယင်းအပြင် ယခုရက်ပိုင်းအတွင်း YBS ကားများအထွက်နည်းခြင်းကြောင့် ခရီးသည်ဦးရေနှင့် ကားအစီးရေ မမျှတသည့်အတွက် ကားများကြပ်လာကြောင်း ခရီးသည်များ၏ ပြောပြချက်အရ သိရသည်။

“ဒီလိုနေ့ မနက်ပိုင်းတန်းစီရင် နေ့လည်ကျရင် စာရင်းကောက်သွားတယ်။ အဲ့လိုစာရင်းကောက်ပြီးရင် CNG က မနက်ဖြန်မှ ရတယ်။ ဒါ့ကြောင့် ဂိတ်မှာလည်း ကားမရှိဘဲ ဓာတ်ငွေ့ရတဲ့ကားတွေပဲ ထွက်နိုင်တယ်။ ဆီကားဆိုရင် ပိုက်ဆံရှိရင် ဆီဝယ်လို့ရတယ်။ CNG က ဝယ်လို့မရဘူး။ မီးလာမှ အဆင်ပြေတာ” ဟု လူထုမိတ်ဆွေယာဉ်လိုင်းမှ ၉၃ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

လတ်တလော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် အချိန်ကြာမြင့်စွာ မီးပျက်နေရခြင်းမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်က ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ် ပြုပြင်ရခြင်းကြောင့် မီးပျက်ခြင်းဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

” မီးတွေကပျက်တော့ CNG ကမရဘူးပေါ့။ မီးပြတ်ချိန်ကလည်း ကြာသွားတော့ ကားတွေက ဂတ်စ်ဖြည့်ရတာ အခက်အခဲရှိတာပေါ့။ ဂတ်စ်ရမရက လျှပ်စစ်မီးပေါ်ပဲမူတည်တယ်။ တချို့ဆို ကားကို ညအိပ်စောင့်ပြီး ဖြည့်ရတာတွေရှိတယ်”ဟု YRTC မှတွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မာန်က ပြောကြားသည်။

ထိုကဲ့သို့ ပြုပြင်နေရသည့် အခြေအနေများကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နိုင်သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here