ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစိန်ခေါ်မှုများကို ဖြေရှင်းရန် မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေ

0
106

ဇူလိုင်လ (၁၁) ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ကျင်းပသည့် ပြည်သူ့ကျန်းမာရေးနှင့် သံခင်း တမန်ခင်း နိုင်ငံတကာဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး စိန်ခေါ်မှုများကို ဖြေရှင်းရန် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခု ကျင်းပသည့် နိုင်ငံတကာဆွေးနွေးပွဲမှတဆင့် လက်ရှိရင်ဆိုင်နေရသော ပြည်သူ့ကျန်းမာ‌ရေးဆိုင်ရာ စိန်ခေါ်မှုပြဿနာများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ကို ယုံကြည်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် လိုက်လျောညီထွေ သဟဇာတ ဖြစ်စေသည့် ဆက်ဆံရေးဖြစ်သော၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာရေးဆိုင်ရာ တိုးတက်မှုများရရှိစေရန် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်လေးစားမှုနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုများကို အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ အခြေခံသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို အလေးအနက်တန်ဖိုးထားကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်း နိုင်ငံတကာဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ဇူလိုင်လ (၁၁) ရက်နှင့် (၁၂) ရက်တွင် ကျင်းပလျက်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးများ၊ ဒု-ဝန်ကြီးများ၊ အတွင်းဝန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများမှ ပညာရှင်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ သံအမတ်ကြီးများနှင့် နိုင်ငံ (၈) နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးလျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here