ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍအရေးပါသဖြင့် ကြိုးစားကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

0
100

နောင်အနာဂတ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပညာရေးမှာအရေးကြီးသဖြင့် ပညာတတ်မြောက်ရေးကြိုးစားကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တိုက်တွန်းပြောကြားခဲ့သည်။

ဇူလိုင်လ (၁၁) ရက်၊ နံနက်ပိုင်းက စစ်တွေတက္ကသိုလ်တွင် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအားပေးစကားပြောကြားရာ၌ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းသည် ပညာရေးအပေါ် အဓိက ရင်းနှီးမြှုပ်နှံလျက်ရှိရာ နောင်အနာဂတ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေလိုပါက ပညာရေးကို မြှင့်တင် ဆောင်ရွက်ပေးရမည်ဖြစ်၍ မိမိတို့၏ ပညာရေးအရည်အသွေးမြင့်မားစေရန် အလေးထား ကြိုးစားသင်ယူကြစေလိုကြောင်း မှာကြားသည်။

ထို့ပြင် အစိုးရအနေဖြင့် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် စာသင်ဆောင်များကို ကောင်းမွန်စေရန် အလျင်အမြန်ပြင်ဆင်ပေးလျက်ရှိ၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့ တက္ကသိုလ် စာသင်ဆောင်၊ ကျောင်းဆောင်များ အရှည်တည်တံ့ခိုင်ခံ့ရေး၊ သန့်ရှင်းသပ်ရပ်သာယာရေးအတွက် ဆရာဆရာမများနှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုး တိုးတက်စေမည်မှာ ပညာရေးဖြစ်၍ ပညာတတ်အောင် ကြိုးစားရမည်ဖြစ်ပြီး ဆရာ၊ဆရာမများအနေဖြင့်လည်း မိမိတို့တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို ပညာတတ်မြောက်ရုံ သင်ကြားရုံသာမက မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ပြည့်ဝ၍ အကျင့်စာရိတ္တ ကောင်းမွန်သည့် လူတော်လူကောင်းများဖြစ်စေရန် ပြုစုပျိုးထောင်သင်ကြားပေးစေလိုကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here