တရုတ်နိုင်ငံ၌မိုးပိုမိုရွာသွန်းနိုင်သဖြင့် လူပေါင်း ၄၀,၀၀၀ ကျော်အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေရဟုဆို

0
131

ပေကျင်း၊ဇူလိုင် ၁၂

တရုတ်နိုင်ငံ စီချွမ်ဒေသရှိနေရာအများစု၌ ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအနှံ့အပြားတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သဖြင့် နေအိမ်များပျက်စီးကာ အခြေခံအဆောက်အအုံများလည်းပျက်စီးခဲ့ပြီး လူအများအပြားသေဆုံးခဲ့ရသည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ကမ္ဘာတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းများဖြစ်ပေါ်မှုများပြားလာသဖြင့်လည်း ရာသီဥတုအရေးနှင့်ပတ်သက်၍စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံပိုင် CCTV သတင်းဌာန၏ဖော်ပြမှုအရ စီချွမ်ဒေသ၌ မိုးရေချိန် ၃၀၀ ဒသမ ၇ မီလီမီတာအထိရွာသွန်းခဲ့သဖြင့် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ်များလည်းပျက်စီးခဲ့ကြောင်းသိရသည်။

ကျန်ဒေသများ၌လည်းမိုးရေချိန်ပိုများနိုင်ကြောင်းသတိပေးထားပြီး အချို့ဒေသများတွင်အနီရောင်အဆင့်အထိသတ်မှတ်ထားသည်ဟုလည်းဆိုသည်။ဒေသအချို့တွင်မူ တစ်နာရီအတွင်း မိုးရေချိန် ၇၀ မီလီမီတာကျော်ထိရွာသွန်းနိုင်ပြီး မိုးကြိုးပစ်ခြင်းနှင့်မိုးသီးမုန်တိုင်းများလည်းကျရောက်နိုင်ကြောင်း နိုင်ငံတော် မိုးလေဝသဌာနက ပြောကြားခဲ့သည်။

ထို့ပြင် သက်ဆိုင်ရာအာဏာပိုင်များသည် ဇူလိုင်လတစ်လျှောက်လုံး၌ ပြင်းထန်သောရာသီဥတုနှင့် ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်များပါဖြစ်နိုင်‌ကြောင်း ထပ်ခါတလဲလဲသတိပေးထားသည်ဟုလည်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here