အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်ဖြင့် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို မောင်းနှင်‌ဖြေရှင်းစေချင်ကြောင်း ဒေါက်တာအေးမောင်ပြော

0
334

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းများဖြေရှင်းနိုင်ရန်အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်ဖြင့် မောင်းနှင်စေချင်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

လာမည့် ဩဂုတ်လ (၁) ရက်နောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် အခင်းအကျင်းများနှင့် ပတ်သက်၍ ပေါ်ပြူလာနယူး(စ်)၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

” ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့က အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်နဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို မောင်းနှင်စေချင်တယ်။ တစ်ရက်နောက်ဆုတ်ရင် တစ်ရက် တာဝန်ပိုကြီးတယ်ဗျ။ ဒဏ်ပိတာပေါ့ဗျာ” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၄၂၅) အရ သာမန်မဟုတ်သည့် အခြေအနေဟုဆိုကာ အရေးပေါ်ကာလ သက်တမ်း (၆)လ တိုးမြှင့်သတ်မှတ်ထားခြင်းသည် လာမည့် ဇူလိုင်(၃၁)ရက်တွင်သက်တမ်း ပြည့်မည်ဖြစ်ပြီး ကာလုံအစည်းအဝေး ခေါ်ယူရမည်ဖြစ်သည်။

ယင်းကဲ့သို့ ကာလုံအစည်းအဝေးခေါ်ယူပါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ၎င်းအား ပေးအပ်ထားသည့် တာဝန်များဆောင်ရွက်နိုင်မူအခြေအနေကို တင်ပြရမည်ဖြစ်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း တင်ပြခဲ့ပါက ကာလုံထံသို့ အာဏာပြန်လည် အပ်နှင်းရမည်ဖြစ်သည်။

ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် လာမည့် ဇူလိုင်(၃၁)ရက်တွင် ကာလုံထံ အာဏာပြန်အပ်ခဲ့ပါက ဩဂုတ်လ (၁) ရက်မှ စတင်ကာ (၆)လတာ တာဝန်ယူရမည့် အစိုးရသစ်အဖွဲ့တစ်ရပ်ပေါ်ပေါက်လာမည်ဖြစ်ပြီး (၆)လအတွင်း ရွေးကောက် ပွဲကျင်းပကာ ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ထွက်လာနိုင်သည်။

“ရွေးကောက်ပွဲ ကျင်းပပေးသင့်ပြီလား၊ ကျင်းပခြင်းအားဖြင့် အကျိုးအပြစ်ပေါ့ဗျာ ။ မကျင်းပခြင်း အားဖြင့် အကျိုးအပြစ်ကို သူတို့ဘက်ကလည်း အချက်ကျကျ သုံး သပ်ထားကြပြီးဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဒေါက်တာအေးမောင် က သုံးသပ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများအရ (၆) လ သက်တမ်းတိုးထားသည့် အရေးပေါ်ကာလ သက်တမ်းပြည့်မည့် ဇူလိုင် (၃၁) ရက်တွင် ကာကွယ်ရေး ဦးစီးချုပ်အနေ ဖြင့် ကာလုံထံ အာဏာပြန်အပ်မအပ် အတိအကျမပြောနိုင်သေးသော်လည်း အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်စောနိုင်သမျှစော၍ ထွက်ပေါ်လာသင့်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

” ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကိုပဲ ဖြစ်ဖြစ် ၊ ပြည်ထောင်စု ပြန်လည် စုစည်းရေးကိုပဲဖြစ်ဖြစ် ၊ သန်စွမ်းအောင်ပေါ့ ။ အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်အနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းတာကတော့ စောနိုင်သမျှစောလေ ကောင်းလေပဲ” ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွန်ခဲ့သော ၂နှစ်ခွဲမှစတင်ကာ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်၍ လုပ်ဆောင်နေပြီး အဆိုပါ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည်လည်း အချက်တစ်ခုအနေဖြင့် ပါဝင်နေခြင်း ဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပပြီး ရွေးကောက်ခံ အစိုးရအား အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီးလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here