ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗွီဒီယိုပြိုင်ပွဲ(၂၀၂၃) ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်

0
133

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကာ ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗွီဒီယိုပြိုင်ပွဲ(၂၀၂၃) ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ အသိပညာတိုးတက်လာစေရန်၊ ကျောင်းသားများအနေဖြင့် လက်ရှိ ဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ ဝေဖန်ပိုင်းခြားတွေးခေါ်မှု တိုးတက်လာကာ ကျောင်းသားများ၏ အရည်အသွေးနှင့် အရည်အချင်းများကို ပြသရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ပက်သက်၍ လူငယ်များ၏ စိတ်ပါဝင်စားမှုအား မြှင့်တင်ရန်၊ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်သော အခွင့်အရေးများရရှိစေရန်၊ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် မိမိတို့ ယှဉ်ပြိုင်မည့် ဗွီဒီယိုဖိုင်များအား ပြိုင်ပွဲကျင်းပရေးကော်မတီထံသို့ Email မှသော်လည်းကောင်း၊ CD/ DVD (သို့) USB တွင်ထည့်သွင်း၍ သော်လည်းကောင်း ပြိုင်ပွဲဝင်လျှောက်လွှာများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ ညနေ ၄ နာရီ မတိုင်မီ ပြိုင်ပွဲကျင်းပရေးကော်မတီထံသို့ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဆုရရှိသူများကို ဆုငွေ (၁၅) သိန်း၊ (၁၀) သိန်း၊ (၇) သိန်းနှင့် (၃) သိန်း (၂)ဆုအပြင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ပထမဆုရရှိသော ဗွီဒီယိုဖိုင်အား ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ASEAN-JAPAN Cybersecurity Awareness Video Competition (2023) ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် လျှောက်လွှာနှင့် အသေးစိတ်အချက်အလက်များကို https://www.ncsc.gov.mm/CAVC2023_RegistrationForm.pdf
နှင့် https://www.ncsc.gov.mm/CAVC2023_Announcement.pdf တွင် Download ရယူနိုင်ပြီး ပြိုင်ပွဲအကြောင်းအသေးစိတ်သိရှိလိုပါက ဖုန်း – ၀၆၇-၃၄၂၂၂၇၂ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here