မန္တလေးမြို့တွင် ငွေကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
165

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ယမန်နေ့ ဇူလိုင်လ ၁၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယင်းနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သတင်းအရ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ လမ်း၊ ၄၂ x ၄၃ လမ်းကြားတွင် ဆွတ်ရိန်အောင် မောင်းနှင်ပြီး အောင်ပြည့်ဖြိုး(ခ)ကိုပြည့် နှင့် စိုင်းစိုင်းကောင်းမြတ်တို့ လိုက်ပါလာသည့် KIA OPTIMA အမျိုးအစား မော်တော်ယာဉ်အား သက်သေများနှင့်အတူ ရပ်တန့်ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၄ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ ဒသမ ၆ သိန်း)၊ အက်တက်စီဆေးပြား ၃ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ ဒသမ ၅ သိန်း)၊ Happy Water အလေးချိန် ၁၀ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၂ သိန်း) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ဆွတ်ရိန်အောင် နေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၇ လမ်းကြားရှိ နေအိမ်အတွင်းမှ ကက်တမင်း အလေးချိန် ၈၃၄.၅ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၃၃ ဒသမ ၈ သိန်း)၊ အက်တက်စီဆေးပြား ၁၉၈၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၉၀ သိန်း)၊ Happy Water အလေးချိန် ၈၈၀ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀၅၆ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၅ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁ ဒသမ ၂၅ သိန်း)တို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည်။

ထို့ကြောင့် ဆွတ်ရိန်အောင်(၂၆)နှစ်၊ အောင်ပြည့်ဖြိုး(ခ)ကိုပြည့် (၃၄) နှစ်နှင့် စိုင်းစိုင်းကောင်းမြတ် (၂၀) နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here