ပို့ကုန်ရငွေ မြန်မာငွေ ပြန်လဲရမည့် ပမာဏကို ၆၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ ဖြေလျှော့ သတ်မှတ်

0
280

မြန်မာနိုင်ငံ ဗဟိုဘဏ်က ယခင်သတ်မှတ်ထားသည့် ပို့ကုန်ရငွေလဲလှယ်ရမည့်ပမာဏကို ၆၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ ဖြေလျှော့ သတ်မှတ်လိုက်ကြောင်း သိရသည်။

ဇူလိုင်လ (၁၃) ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမိန့်အမှတ် (၁၅/၂၀၂၃) ဖြင့် ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ်၏ အဆိုပါ အမိန့်ကြေညာချက်အရ ပို့ကုန်တင်သွင်းသူများအနေဖြင့် မိမိတို့၏ ပို့ကုန်ရငွေထဲမှ ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၅) ရက်က အမိန့်အ မှတ်အမှတ် (၃၆/၂၀၂၂) ဖြင့် ပို့ကုန်တင်ပို့သူများ၏ ပို့ကုန်ရငွေထဲမှ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် သတ်မှတ်ခဲ့ပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ကိုယ်တိုင် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သည့် အခြားသူများထံ ရောင်းချခြင်းနှင့် AD လိုင်စင်ရဘဏ်များထံ ရောင်းချနိုင်ကြောင်း သတ်မှတ်ထားခြင်း ဖြစ်သည်။

အဆိုပါ ကျန်ငွေ ၃၅ ရာခိုင်နှုန်းကိုလည်း ငွေဝင်ရောက်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကိုယ်တိုင် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သည့် အခြားသူများထံရောင်းချခြင်းနှင့် AD လိုင်စင်ရဘဏ်များထံ ရောင်းချခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်ခွင့်ပြုထားပြီး၊ ရက်ပေါင်း ၃၀ အတွင်း သုံးစွဲခြင်းမပြုသည့်ငွေများကို AD လိုင်စင်ရ ဘဏ်များထံ ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းဖြင့် ပြန်လည်ရောင်းချရမည်ဟု ဗဟိုဘဏ်က အမိန့်အမှတ် (၁၂ /၂၀ ၂၂) သတ်မှတ်ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ယခုပြင်ဆင် သတ်မှတ်လိုက်သည့် ၅၀ ရာခိုင်နှုန်းအထိဖြေလျှော့ ပေးခြင်းတွင်လည်း ရက်အကန့်အသတ်နှင့်ပတ်သက်၍ ပြင်ဆင်မှုကို မတွေ့ရဘဲ ယခင်သတ်မှတ်ထားသည့် အမိန့်အမှတ် (၁၂/၂၀၂၂) အတိုင်းသာဆောင်ရွက်လဲလှယ်ရမည်ဟု ဖော်ပြထားသည်။

ယင်းပြင်ဆင်သတ်မှတ်ခြင်းသည် အမိန့်ထုတ်ပြန်သည့် ယနေ့ ဇူလိုင်လ (၁၃) ရက်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး လိုက်နာ ဆောက်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ် ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here