မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုမည့် ကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းအမျိုးမျိုးကို ၂၂ ဘီးကား (၄) စီးပေါ်မှ ဖမ်းဆီးရမိ

0
176

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့အဝင်တိုးဂိတ်တွင် ဇွန်လ ၂၉ ရက်၊ နံနက်ပိုင်းက ရန်ကုန်မှ နမ့်စန်သို့သယ်လာသည့် ကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းအမျိုးမျိုးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ နံနက် ၇ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့အဝင်တိုးဂိတ်တွင် တောင်ကြီးဘက်မှ လွိုင်လင်ဘက်သို့ ဝေယံမြင့်သူ (ခ) မောင်မောင် မောင်းနှင်ကာ အောင်မင်းသူ(ခ)အောင်ငဲလေး လိုက်ပါလာသည့် ၂၂ ဘီးတွဲကား၊ ငြိမ်းထိုက်စံ မောင်းနှင်ကာ သီဟကိုကို လိုက်ပါလာသည့် ၂၂ ဘီးတွဲကား၊ ဇင်ဝင်းထွေး မောင်းနှင်ကာ လင်းထက်ဇော် လိုက်ပါလာသည့် ၂၂ ဘီးတွဲကားနှင့် အေးမင်းအောင် မောင်းနှင်ကာ အာကာဦး လိုက်ပါလာသည့် ၂၂ ဘီးတွဲကားတို့ကို ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ ရှာဖွေစစ်ဆေးရာ ၂၂ ဘီးတွဲကား (၄) စီးပေါ်တွင် ရန်ကုန်မှ နမ့်စန်သို့သယ်လာကာ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုမည့် ကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Hydrochloric Acid ၂၂၀၄၀ လီတာ၊ Sulphuric Acid ၁၂၀၀၀ လီတာနှင့် အခြားဓာတုပစ္စည်း Dichloromethane Acid ၂၆၇၂၀ လီတာတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စစ်ငြိမ်းထွန်းနှင့် ရဲလင်းထက်တို့ကို နံနက် ၈ နာရီခွဲတွင် လွိုင်လင်မြို့အထွက်၌လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် မင်းမင်းသက်နိုင်(ခ)ကိုမင်း၊ ရဲထွန်းသိန်း(ခ)ထွန်းထွန်းနှင့် နေမျိုးလင်း(ခ)ကိုလတ်တို့ကို နမ့်စန်မြို့၊ ရပ်ကွက်(၄)၌လည်းကောင်း၊ ည ၁၀ နာရီခွဲတွင် မျိုးခင်အား ပုဇွန်တောင်မြို့နယ်၊ (၂) ရပ်ကွက်၊ နေကြာလမ်းရှိ ၎င်း၏နေအိမ်၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here