၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၄၃၀၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းအပ်နှံသူ (၈) သန်းကျော်ရှိ၍ ယခင်နှစ်ထက် (၁) သန်းကျော်ပိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

0
188

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအား ယခင် ပညာသင်နှစ်ကထက် ပိုမိုဖွင့်လှစ်နိုင်ခဲ့ကြောင်း နစက ဥက္ကဋ္ဌက ဇူလိုင်လ ၁၃ ရက်၊ နံနက်ပိုင်းက နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥ် (၃/၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၄၃၀၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၈) သန်းကျော် ကျောင်းအပ်နှံခဲ့သဖြင့် ယခင်ပညာသင်နှစ်ကထက် ကျောင်းသား၊ ကျောင်းသူဦးရေ (၁) သန်းကျော်ပိုခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူအားလုံး ပညာသင်နှစ်ပြီးဆုံးသည်အထိ အပြည့်အဝကျောင်းတက်နိုင်ရေးနှင့် အဆင့်လိုက် အတန်းကူးပြောင်းမှု ရာခိုင်နှုန်းမြင့်မားရန် သက်ဆိုင်ရာအလိုက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

“အဲဒီလို ဆောင်ရွက်ရာမှာ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တာကြောင့် ပညာရေးဝန်ကြီးဌာနအပြင် တခြားဝန်ကြီးဌာနတွေကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရပါမယ် “ဟု နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ထို့ပြင် ကျောင်းများနှင့် ဆရာ၊ ဆရာမများလုံခြုံမှုရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဥ်ဆောင် ရွက်ပေးရမည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်မြင့်မားစေရေးအတွက် စာသင်ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရန်နှင့် သင်ထောက်ကူပစ္စည်းများပြည့်စုံမှုရှိစေရန် ဝန်ကြီးဌာနအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း မှာကြားခဲ့သည်။

“အခု အခြေခံပညာကျောင်းတွေဟာ KG+12 အထိရှိတာကြောင့် ကျောင်းတွေအဆင့်မြှင့်တင်ရာမှာ သတ်မှတ်ထားတဲ့ မြေနေရာအကျယ်အဝန်းနဲ့‌ ကျောင်းအင်္ဂါရပ်တွေ ပြည့်စုံကောင်းမွန်ဖို့ ကြိုတင်စီမံဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ထို့ပြင် ကျောင်းသုံးပရိဘောဂများကိုလည်း တစ်နိုင်ငံလုံးအနေဖြင့် တစ်ပြေးညီဖြစ်စေရန် တစ်ဆင့်ချင်းအလိုက် ပြုပြင်ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here