QR Code ဖြင့် ငွေပေးချေမှု အသုံးပြုနိုင်ရန် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ဗဟိုဘဏ် ထပ်မံခွင့်ပြု

0
157

ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှုနှင့် လက်လှမ်းမမီသည့်နေရာများတွင် အများပြည်သူများ QR Code ဖြင့် ငွေပေးချေမှု လွယ်ကူစွာအသုံးပြုနိုင်ရန်အတွက် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အား ခွင့်ပြုပေးလျက်ရှိကြောင်း ဗဟိုဘဏ်က ဇူလိုင်လ (၁၂) ရက်က ကြေညာထားသည်။

ဗဟိုဘဏ်အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှုနှင့် လက်လှမ်းမမီသည့်နေရာ၊ ကဏ္ဍများအထိ ရယူအသုံးပြုနိုင်ရန်၊ ဘဏ်များနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့နယ်များအထိ ဘဏ်များ၏ Network ကို ဖြန့်ကျက်ဆောင်ရွက်နိုင်ရန်၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အများပြည်သူမှ QR Code ဖြင့် ပေးချေမှုများကို လွယ်ကူစွာ အသုံးပြုနိုင်ရန်နှင့် ရောင်းသူနှင့်ဝယ်သူအကြား ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ကြားခံအနေဖြင့် ကောက်ခံပေးသည့် တတိယအဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန် ရည်ရွယ်၍ ‌ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်အား ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အား Nature Link Pay Co.,Ltd (Brand Name- Trusty e-commerce) ၊ Zego Pay Co.,Ltd (Brand Name- Zego Money) နှင့် Internet Wallet Myanmar Ltd (Brand Name – OK$) တို့အား ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ခွင့်ပြုထားပြီးဖြစ်ကာ ဇူလိုင်လ ၁၀ ရက်တွင် လိုင်စင်စည်းကမ်းချက်နှင့် ပြည့်စုံသော Universal Pay Co.,Ltd (Brand Name – Unipay) အား လိုင်စင်ထပ်မံထုတ်ပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

လိုင်စင်ရကုမ္ပဏီများအနေဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု မရောက်ရှိသည့် နေရာ၊ ဒေသ၊ အလွှာစုံ၊ နယ်ပယ်စုံ၊ ဧရိယာစုံအထိ ဒီဂျစ်တယ်ငွေပေးချေမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here