ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှုသည် ပြဿနာပြေလည်ရေးအတွက် တံခါးပေါက်တစ်ခုပွင့်လာခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးသုံးသပ်

0
208

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းထွက်ပေါ်လာမှုနှင့် ပတ်သက်၍ အဆိုပါ တွေ့ဆုံမှုသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ပြေလည်စေမည့် တံခါးပေါက်တစ်ခု ပွင့်လာသည်ဟု သုံးသပ်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့မှုအပေါ် ၎င်း၏ အမြင်ကို မေးမြန်းစဉ် ဦးကိုကိုကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ဒါဟာ ပြဿနာပြေလည်ဖို့အတွက် တံခါးပေါက် တစ်ပေါက် ၊ ပြတင်းပေါက် တစ်ပေါက် ပွင့်လာတယ်လို့ သုံးသပ်တယ် ” ဟု ဦးကိုကိုကြီးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းသည် ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၎င်း၏ ခရီးစဉ်အတွင်း နေပြည်တော် အချုပ်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ မစ္စတာ ဒွန်ပရာမွတ်က အာဆီယံ အသိုင်းအဝိုင်းကို အသိပေးပြောကြားထားပြီး မြန်မာအစိုးရဘက်ကလည်း တွေ့ဆုံခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်ကြောင်း ယမန်နေ့က အတည်ပြု ပြောကြားထားသည်။

အဆိုပါ တွေ့ဆုံမှုမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်း လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ပြုခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံချိန် (၁) နာရီခွဲဝန်းကျင် ကြာမြင့်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

” နှစ်ယောက်ချင်း တွေ့ဆုံတာပဲ ဖြစ်ပါတယ်။တွေ့ဆုံချိန်ကတော့ တစ်နာရီခွဲ နီးပါးလောက် ကြာမြင့်ပါတယ်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံတာ ဖြစ်ပါတယ်။ နှစ်ယောက်ချင်းတွေ့ဆုံတာ ဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကိုတော့ အသေးစိတ် ကျွန်တော်တို့ မသိရှိပါဘူး ” ဟု ၎င်းက ဆိုသည်။

ယခင်က အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုမှုများ ရှိခဲ့သော်လည်း နစက အနေဖြင့် အမှုများ မပြီးပြတ်သေးသည့်အတွက်ဟု အကြောင်းပြကာတွေ့ဆုံခွင့်ကို ငြင်းပယ်ထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ငြင်းပယ်ထားရာမှ ယခုကဲ့သို့ လက်ခံတွေ့ဆုံခွင့် ပြုခဲ့ခြင်းသည် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် ‌တွေ့ဆုံခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု အခိုင်အမာ ‌ရှိနေသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခွင့်ပြုခြင်းသည် ပြဿနာပြေလည်ရေးအတွက် လမ်းစပေါ်လာနိုင်သည်ဟု ယူဆသည့်အတွက် တွေ့ဆုံခွင့်ပြုခြင်း ဖြစ်နိုင်ကြောင်းလည်း ဦးကိုကိုကြီးက သုံးသပ်သည်။

” ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုထောက်ခံမှု အခန်းကဏ္ဍဟာလည်း အခုချိန်ထိ ကြီးကြီးမားမားရှိနေတဲ့အခါကျတော့ ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာဧည့်သည်နဲ့ တွေ့ဆုံခွင့်ပေးလိုက်တဲ့အတွက်ကြောင့် လက်ရှိပြဿနာဖြေရှင်းဖို့အတွက် တစုံတရာ လမ်းစပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပြီးဆောင်ရွက်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ယခုတွေ့ဆုံမှု မတိုင်မီ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းအတွင်းက မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံက ကမကထပြုကာ လုပ်ဆောင်ခဲ့ပြီး တရုတ်နှင့် အိန္ဒိယကဲ့သို့ အိမ်နီးချင်း အင်အားကြီးနိုင်ငံများ တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့လည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ မြန်မာ့အရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ဆွေးနွေးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ ယခုကဲ့သို့ တွေ့ဆုံခဲ့မှုသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းရန် တစုံတရာ အပြောင်းအလဲဖြစ်ပေါ်လာနိုင်ချေရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here