မြန်မာနိုင်ငံတွင်း ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များအနက် ၉၄ ရာခိုင်နှုန်းမှာ လူ့ပရောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်မှုများဖြစ်ဟုဆို

0
207

မြန်မာနိုင်ငံတွင်း ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များအနက် ၉၄ ရာခိုင်နှုန်းမှာ လူ့ပရောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်မှုများဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားချက်များအရ သိရသည်။

နိုင်ငံအတွင်း ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များကို ၂၀၂၂ ခုနှစ်၊ NRSC ၏ နှစ်ချုပ်အစီရင်ခံစာအရ လူ့ပရောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်မှုက ၉၄ ရာခိုင်နှုန်းခန့် ပါဝင်သော်လည်း တစ်ဖက်က ပတ်ဝန်းကျင်အနေအထား၊ လမ်းတည်ဆောက်ပုံအနေအထား၊ လမ်းဒီဇိုင်း၊ လမ်းအဆင့်အတန်းများကလည်း ကဏ္ဍတစ်ခုအဖြစ် ဆက်စပ်ပါဝင်နေကြောင်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုစုထုတ်ပြန်သည့် အစီရင်ခံစာအရ တစ်ကမ္ဘာလုံးတွင် ယာဉ်မတော်တဆမှုများကြောင့် နှစ်စဉ် ပျမ်းမျှ လူဦးရေ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရပြီး သန်း ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိနေကြောင်းနှင့် ၂၀၁၈ ခုနှစ်အတွင်း လူ ၁ ဒသမ ၃၅ သန်းအထိ အသက်ဆုံးရှုံးခဲ့ရပြီး တစ်နှစ်ထက် တစ်နှစ်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများလည်း လျော့ကျမသွားဘဲ ပိုမိုတိုးပွားလာနေသည်ကို တွေ့ရကြောင်း သိရသည်။

ယာဉ်မတော်တဆမှုများကြောင့် လူအများသေဆုံးရသည့် အဓိကအကြောင်းအရင်းများတွင် Road Accident ကြောင့် သေဆုံးရခြင်းသည် ပထမဆယ်စုနှစ်တာကာလတွင် အဆင့် (၈) နေရာတွင် ရှိခဲ့ပြီး ဒုတိယဆယ်စုနှစ်တာကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်အလွန်နှစ်များတွင် အဆင့် (၃)နေရာသို့ ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းသုံးသပ်ထားကြောင်း သိရသည်။

Road Accident ကြောင့် နိုင်ငံအများစုတွင် နှစ်စဉ် GDP ၏ (၃)ရာခိုင်နှုန်းမှ (၅)ရာခိုင်နှုန်းအထိ ဆုံးရှုံးနေရကြောင်း၊ ယခုကဲ့သို့ ထိခိုက်ဆုံးရှုံးနစ်နာမှုများက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံးရင်ဆိုင်နေရကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကို အကောင်အထည်ဖော်ရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ချမှတ်ထားသည့် မဏ္ဍိုင်ကြီး ငါးရပ်နှင့်အညီ ဖော်ဆောင်လုပ်ကိုင်လျက်ရှိကြောင်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here