လာမည့် ဇူလိုင် (၂၁) ရက်တွင် ဘင်္ဂလားပင်လယ်၌ မုန်တိုင်းဖြစ်မည်ဟု မိုး/ဇလ ခန့်မှန်းထား

0
212

မြန်မာ့ပယ်လယ်ပြင်နှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော်တွင် လာမည့် ဇူလိုင်လ (၂၁) ရက်၌ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

ယမန်နေ့ ဇူလိုင်လ (၁၄) ရက် နေ့လယ် (၂) နာရီအချိန်ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ဇူလိုင် (၁၉) ရက်တွင် ဘင်္ဂလား ပင်လယ်အော်အတွင်း၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ကာ ဇူလိုင် (၂၁) ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက် – အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်နှင့် ချက်တစ်ဂတ် ပြည်နယ်ကို ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းတွက်ချက်ထားသည်။

လက်ရှိတွင် တောင်တရုတ် ပင်လယ်ပြင်၌ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေပြီး အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး အနောက် – အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အပူပိုင်းမုန်တိုင်း ” တာလင်း” အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယနေ့ဇူလိုင်လ (၁၅)ရက်၊ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် မှ အားကောင်းနေပြီး မကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ လေပြင်းတိုက်ခတ်နိုင်ကြောင်း သိရသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း မိုးဇလက ထုတ်ပြန် ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here