မိုင်းခွဲခံရမှုကြောင့်ပျက်စီးသွားသည့် ကျုံအိတ်တံတားအား ယာယီသံဘောင် ဘေလီတံတားထိုးနေ

0
175

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၂/၃ ၏ ဘီလင်းမြို့နှင့်သထုံမြို့အကြား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားသည့် ကျုံအိတ်တံတားအား ယာယီသံဘောင်ဘေလီတံတား ထိုးနေကြောင်း ဒေသခံများထံမှသိရသည်။

“လက်ရှိတော့ ယာယီသံဘောင်ဘေလီတံတားထိုးနေတာတွေ့တယ်။ တော်တော်များများ ပြီးနေတာတွေ့ပါတယ်။ အကုန်လုံးပြီးသွားရင်တော့ သွားလာရတာ ပိုအဆင်ပြေသွားမှာပါ။ အခုချိန်ကတော့ ကားတွေဖြတ်သွားရင် တံတားပေါ်ကို ဖြည်းဖြည်းချင်းပဲ ဖြတ်သွားလို့ရတယ်”ဟု ဒေသခံတစ်ဦးကပြောကြားသည်။

အရှည်(၉၅) ပေ၊အကျယ်(၄၁)ပေရှိ ကျုံအိတ်တံတားအား KNU/PDF အဖွဲ့ဝင်များက ဇွန်လ ၂၉ ရက်၊ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြသဖြင့် တံတားအကျယ် ၂၇ ပေခန့်မှာ ပျက်စီးသွားခဲ့ပြီး ပျက်စီးမှုနှင့်အတူ အိမ်စီးကား (၂) စီး တံတားအောက်သို့ပြုတ်ကျကာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် အိမ်စီးကား (၁) စီးမှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကာ တံတားမိုင်းခွဲခံရမှုအား လာရောက်စစ်ဆေးသည့် လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား KNU/PDF အဖွဲ့ဝင်များက Drop Bomb များဖြင့် ထပ်မံတိုက်ခိုက်ခဲ့၍ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်းသိရသည်။

ထို့အတူ ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်တို့တွင်လည်း ယာယီဘေလီတံတားထိုးရန် ပြင်ဆင်နေသည့် တာဝန်ရှိသူများနှင့် အလုပ်သမားများ၊ ယာယီတံတားထိုးရန် စုပုံထားသည့်ပစ္စည်းများကိုလည်း Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသဖြင့် တံတားထိုးနေမှုအား ယာယီရပ်နားခဲ့ရကြောင်း သိရသည်။

ထိုသို့ ရပ်နားခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက်(ယနေ့) တွင် လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယာယီသံဘောင်ဘေလီတံတားထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသဖြင့် ရာခိုင်နှုန်းတော်တော် များများပြီးစီးပြီဖြစ်ကြောင်း သိရသည်။

Photo-ရာမညအသံ


LEAVE A REPLY

Please enter your comment!
Please enter your name here