၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း တတိယဆုရရှိ

0
182

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ တတိယလုပွဲတွင် အိမ်ရှင် အင်ဒိုနီးရှား အမျိုးသမီး ယူ-၁၉ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး တတိယ ကြေးတံဆိပ် ရရှိခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားသည် အိမ်ရှင်အသင်းပီပီ ပရိသတ်အားပေးမှုများဖြင့် အင်တိုက်အားတိုက် ကစားသွားခဲ့ပြီး မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်မှုများ ပြုလုပ်ခဲ့ကြရကာ မြန်မာအသင်း တိုက်စစ်မှလည်း အခွင့်အရေးများ ဖန်တီးနိုင်ခဲ့သော်လည်း လွဲချော်နေခဲ့သဖြင့် ခက်ခက်ခဲခဲ ကစားခဲ့ရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဖီးဗေ၊ နောက်တန်း- မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ ကြယ်စင်၊ အလယ်တန်း- ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ရှေ့တန်း- ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြပြီး လူစားဝင် ကစားသမားများအဖြစ် သဲအိမွန်သောင်း၊ ဝေဟင်ဖြိုး၊ ယုယုနိုင်၊ သိင်္ဂီထွေး တို့ ဝင်ရောက်ကစားခဲ့ကြသည်။

ပထမပိုင်း ပွဲကစားချိန် (၃၀)မိနစ်တွင် ယဉ်လွန်းအိမ်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက ဒုတိယပိုင်းပွဲကစားချိန် (၄၉)မိနစ်တွင် ပင်နယ်တီမှတဆင့် ပြန်လည်ချေပဂိုးရရှိခဲ့သည်။

လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံး အနိုင်ဂိုးရရှိရေးအတွက် ကြိုးစားကစားခဲ့ကြသော်လည်း ဂိုးထပ်မသွင်းနိုင်ကြသဖြင့် တစ်ဖက် ၁ ဂိုးစီဖြင့် သရေကျနေသည့်အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရသည်။

ပင်နယ်တီ အဆုံးအဖြတ်တွင် လေးလုံးစီ ကန်ပြီးချိန်တွင် မြန်မာဘက်မှ သိင်္ဂီထွေး၊ စန္ဒာလင်း၊ ဖြူဖြူဝင်း၊ ဖြူဖွေးတို့ ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး အင်ဒိုနီးရှားဘက်မှ နှစ်ဂိုးသာသွင်းယူနိုင်သဖြင့် မြန်မာအသင်းက (၄-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

“ပထမဦးစွာ အင်ဒိုနီးရှား အသင်းကို ချီးကျုးလိုပါတယ်။ အများကြီး တိုးတက်လာပြီးတော့ အကောင်းဆုံးလည်း အားထုတ်ကစားသွားကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲချိန်အတွင်း အနိုင်ရချင်ရင် ဒီ့ထက်ပို အားထုတ်ကြိုးစားဖို့ လိုအပ်ပါသေးတယ်”ဟု ပွဲအပြီးတွင် မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောသည်။

မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့သည် ယနေ့ပွဲစဉ်တွင် ဆုတံဆိပ် ရယူနိုင်ရေးအတွက် ကြိုးစားကစားခဲ့ကြ‌သော်လည်း နှစ်သင်းလုံး ပွဲပန်းမှုဒဏ်ကို ခံစားနေရသဖြင့် ရုန်းကန်ခဲ့ကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here